CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်ကြည်ပြာ၏ အဂတိလိုက်စားမှုကို အရေးမယူ၍ NUG အား ကန့်ကွက်စာများ ထုတ်ပြန်လာခဲ့ကြသည်။
NUG ဝန်ကြီးချုပ်ရုံး၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၅/၂၀၂၆)ဖြင့် ထုတ်ပြန်လာ သော ထုတ်ပြန်ချက်သည် အလွန်ပင် တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့သော၊ မိမိတို့ ယုံကြည်အားကိုးရသော အစိုးရ တစ်ရပ်အပေါ် အလွန်အမင်း စိတ်ပျက်ဖွယ် ဖြစ်စေသော အခြေအနေ ဖြစ်ပေါ်စေခဲ့သည်ဟု NUG ပညာရေးဝန် ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ထိုကြောင့် NUG ခေါင်းစဉ်အောက်မှ ဆောင်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များ အားလုံးကို ယနေ့မှစ၍ တစ်စုံတစ်ရာ ကျေလည်မှု မရမချင်း ရပ်ဆိုင်းပါသည်ဟု NUG ပညာရေး ဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကန့်ကွက်စာကို တွေ့ရစဉ်
အလားတူ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထု အဖွဲ့အစည်းကလည်း NUG ၏ ဂုဏ်သိက္ခာ၊ ပြည်သူလူထုနှင့် CDM များ၏ ယုံကြည်မှုကို မျက်နှာမူ၍ ယခုဖြစ်စဉ်တွင် နစ်နာသူများအတွက် တရားမျှတမှု ရရှိရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အလေးအနက်ထား တိုက်တွန်း တောင်းဆိုလိုက်သည်ဟု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် Emergency Care Support Network(MOH-Branch) က “ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို တိုင်ကြားထားသည့် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက် မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ပါ ဖြေရှင်းချက်များသည် အဆိုပါ ကိစ္စအပေါ် အမြဲတစေ စောင့်ကြည့်ဆန်းစစ်လျှက်ရှိသော တော်လှန်ပြည်သူ့ဝန်ထမ်းများအတွက် အလွန် ပင် စိတ်ပျက်စေခဲ့ပါသည်”ဟု ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။
ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ၏ အဂတိလိုက်စားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် သတင်းစာ ရှင်းလင်း ပွဲတစ်ရပ် အမြန်ဆုံး ပြုလုပ်ရန် သို့မဟုတ် အစီရင်ခံစာပါ တွေ့ရှိချက်များကို ပြည်သူလူထု၊ ပညာရေးဝန်ထမ်းများ နှင့် တော်လှန်ရေးအင်အားစုများ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန် အစီရင်ခံပေးရန် တောင်ကြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။

ကန့်ကွက်စာကို တွေ့ရစဉ်
ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့သည် NUG ၏ ဝန်ကြီးချုပ်ရုံးတွင် အတွင်းဝန်အဖြစ် တာဝန်ယူထားပြီး အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သလို လက်အောက်ငယ်သား ဝန်ထမ်းများအပေါ် အနိုင်ကျင့် ဖိနှိပ်မှုများ ကျူးလွန်သည်ကို စုံစမ်းစစ်ဆေးပေးရန် ကာယကံရှင်များက တိုင်ကြားခဲ့သည်။
ထို့နောက် ဒေါက်တာဇော်ဝေစိုး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းမရှိကြောင်း၊ ဖိနှိပ်အနိုင်ကျင့်မှုမရှိကြောင်း၊ နှုတ်ချိုသာစွာ မပြောဆိုခြင်းသာ ရှိကြောင်း တွေ့ရှိရသည်ဟု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် နောက်နောင်တွင် နှုတ်ချိုသာစွာ ဆက်ဆံရန် သတိပေးခဲ့သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို NUG က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းမှာ တိုက်ခိုက်နေချိန်နှင့် ဗိုလ်နဂါးနှင့်မိသားစုဝင်များ တပ်မတော် ထံ အလင်းဝင်သွားသည့် အချိန်များဖြင့် တိုက်ဆိုင်စွာ ထုတ်ပြန်ခဲ့ခြင်းအပေါ်လည်း အားလုံးက ဝေဖန်ထောက်ပြ နေကြသည်။
