CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ စတင် တိုက်ခိုက်နေ ပြီဟု BNRA ခေါင်းဆောင် ဗိုလ်နဂါးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် သူ၏လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ထုတ်ပြန် ကြေညာခဲ့သည်။

NUG  လက်အောက်ခံ ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာ/လုံ တာဝန်ရှိသူ သစ်ညိမ်းတို့ က BNRA ကို တိုက်ခိုက်ရန် အစည်းအဝေးလုပ်၍ တပ်စုဖွဲ့ ပြင်ဆင်နေကြောင်း သတင်းအတိအကျ ရသည်ဟု BNRA က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၉ ရက်တွင် စတင် တိုက်ခိုက်လာပြီဖြစ်ကြောင်း ဗိုလ်နဂါးက ကြေညာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်နဂါးက “ပုံဖျက်တာပါဆိုတဲ့ပုဂ္ဂိုလ်များ မင်းတို့ရဲ့အာဏာရူးတွေ ဒီနေ့မနက်စပါပြီ”ဟု ပြောကြားခဲ့သည်။

ဘယ်မြို့နယ်မှာနှင့် ဘယ်တပ်ရင်းများကို NUG ဘက်က စတင် တိုက်ခိုက်နေသလဲဆိုသည်ကိုတော့ ၎င်းက ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

BNRA တပ်ဖွဲ့များကို မိမိက အရင်သေနတ်ကျည် စမဖောက်ရန်၊ တစ်ဖက်က စတင် တိုက်ခိုက်လာသည့် အခါမှာ တော့ ပြန်လည် ခုခံကာကွယ် တိုက်ခိုက်သွားရန် မှာကြားထားသည်ဟု BNRA က ထုတ်ပြန်ခဲ့သည်။

ဗိုလ်နဂါးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲဒေသမှာ အဓိက လှုပ်ရှားခဲ့သော နွေဦးတော်လှန်ရေး အင်အားစု ကနေ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကာ ဒေသတွင်း လူထုထောက်ခံမှုကို ရရှိထားကြောင်း သိရသည်။