CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် ၅ ဦးသည် လက်နက် ခဲယမ်းများနှင့်အတူ မြန်မာ့တပ်မတော်ထံ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က အလင်းဝင်ခဲ့ကြောင်း နေပြည်တော် မှ ထုတ်ပြန်ခဲ့သည်။

BNRA မှ ဒုတိယအဖွဲ့ခေါင်းဆောင် ၁ ဦး၊ တတိယ တာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦးသည် လက်နက်မျိုးစုံ ၅ လက်၊ လက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်း တစ်ခုထံ လာရောက် ဆက်သွယ်၍ အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ BNRA ၏ ခေါင်းဆောင် ဗိုလ်နဂါးနှင့် မိသားစုဝင်များသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က အလင်းဝင်ခဲ့ရာ မြန်မာ့တပ်မတော်က ပုလဲမြို့နယ်အတွင်းမှာ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက်အောက်ခံ PDF တပ်ဖွဲ့များက BNRA ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ပြီး ပုလဲမြို့နယ်အတွင်းမှာ တိုက်ခိုက်လာခဲ့ပြီး BNRA တပ်ဖွဲ့ကို လက်နက်ချရန်နှင့် လက်နက်များ အပ်ရန် ထုတ်ပြန်ခဲ့သည်။