CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)အနေဖြင့် အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား မတရားဥပဒေကိုင်စွဲ၍ အပြစ်မရှိလျှင် အပြစ်ရှာ ဖမ်းဆီးနှိပ်ကွပ်ရန် ကြိုးစားအားထုတ်နေပါက ဗိုလ်ကျခြယ်လှယ်ရေး လုပ်ဆောင်နေ သည့် အဖွဲ့အစည်းအသွင် ဆောင်သွားနိုင်သည်ကို သတိပြုရန် လိုအပ်သည်ဟု BNRA ခေါင်းဆောင် ဗိုလ်နဂါးက သူ၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၏ စစ်ဆင်ရေး ဂိတ်နှစ်ခုကို NUG ၏ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်များက ဇန်နဝါရီ ၉ ရက်တွင် ဝင်ရောက် စီးနင်းခဲ့သည်ဟု နှစ်ဖက် အဖွဲ့အစည်းများက အတည်ပြုထားသည်။
BNRA အဖွဲ့အစည်းမှာ ထိပ်ပိုင်းခေါင်းဆောင်များမှအစ ရဲဘော်အဆုံး တော်လှန်ရေးအား အကြောင်းပြ၍ ကိုယ် ကျိုးရှာခြင်း မရှိကြောင်း၊ လက်ရှိ အခြားတပ်ဖွဲ့များ ရဲဘော်များနည်းတူ စားနပ်ရိက္ခာနှင့် အခြားသော လိုအပ်ချက် များကြောင့် ၂၀၂၆ တစ်လပိုင်းမှ စတင်ကာ အခွန်ကောက်ခံရန် ဆုံးဖြတ် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း ဗိုလ်နဂါး က ရေးသား ထုတ်ပြန်ခဲ့သည်။

ဗိုလ်နဂါး ရေးတဲ့ စာကိုတွေ့ရစဉ်
ထိုသို့ လုပ်ဆောင်နေခြင်းကို NUG ဘက်မှ ပြည်သူက တိုင်ကြားလာသောကြောင့် ဥပဒေစိုးမိုးရေးအတွက်ဟု အကြောင်းပြ၍ ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းမျိုး မရှိဘဲ အင်အားသုံး ဝင်ရောက်စီးနင်း ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
NUG အဖွဲ့အစည်း အနေဖြင့် ပြည်သူများ၏ တိုင်ကြားမှုများကို အလေးထား ဆောင်ရွက်၍ တကယ် အရေးယူ တော့ မည်ဆိုပါက BNRA အဖွဲ့အစည်းအနေဖြင့် အပြည့်အဝ ဝန်းရံ ပူးပေါင်းဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဗိုလ်နဂါးက “မိမိ BNRA တပ်ဖွဲ့ ကျူးလွန်ပြစ်မှု ရှိပါကလည်း အရေးယူခံခြင်းဖြင့် ပူးပေါင်း နိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ NUG လက်အောက်ခံ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ မည်မျှ ကြီးလေးသည့် အပြစ်ကျူးလွန်ပါစေ ကင်း လွတ်စေပြီး အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုတော့ အပြစ်မရှိလျှင် အပြစ်ရှာ ဖမ်းဆီး နှိပ်ကွပ်ရန် ကြိုးစား အားထုတ်နေပါမူ တရားဥပဒေစိုးမိုးရေး မဟုတ်ဘဲ မတရားဥပဒေကိုင်စွဲ၍ ဗိုလ်ကျခြယ်လှယ်ရေး လုပ်ဆောင်နေ သည့် အဖွဲ့အစည်းအသွင် ဆောင်သွားနိုင်သည်ကို သတိပြုစေလိုပါတယ်”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပြောသည်။

BNRA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့ပြင် NUG အနေဖြင့် ခရိုင်တွင်း အကောက်ခွန် မျှဝေသုံးစွဲခြင်း လုံးဝ မရှိပါလျှက်နှင့် ထိုသို့ BNRA အဖွဲ့အစည်း အပေါ် ပြုမူခြင်းသည် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ထိုကျူးလွန်မှုအပေါ် တာဝန်ခံပေးရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
၎င်းတို့၏ ကျူးလွန်မှု ပြုမှုခြင်းများအပေါ် တာဝန်ခံမှုမရှိခဲ့ပါက NUG အစိုးရ အဖွဲ့အစည်း အနေဖြင့် တော်လှန်ရေး ရဲဘော်များ၏ တိုင်းပြည်နှင့်လူထုအပေါ် ချစ်စိတ်၊ ဘဝကိုရင်း၍ ခက်ခဲစွာ လျှောက်လှမ်းခဲ့ကြမှုများအပေါ် အနိုင် ကျင့် ကျူးကျော်စော်ကားသည့် လုပ်ရပ်အသွင် ဆောင်နေခြင်း ဖြစ်သည်ဟု သတိပေး ထုတ်ပြန်ထားသည်။
ဗိုလ်နဂါးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲဒေသမှာ အဓိက လှုပ်ရှားခဲ့သော နွေဦးတော်လှန်ရေး အင်အားစုမှ ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ကာ ဒေသတွင်း လူထုထောက်ခံမှုကို ရရှိထားကြောင်း သိရ သည်။
