CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ 

မြန်မာနိုင်ငံ၏ ပြည်တွင်း မငြိမ်မသက်မှု နိုင်ငံရေးနှင့်စစ်ရေး ပဋိပက္ခများသည် အိမ်နီနားချင်း ထိုင်းနိုင်ငံ၏ အကျိုး စီးပွားအပေါ် များစွာဆက်စပ်မှု ရှိနေသည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွန်ကတ်ကရောင်းနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့၌ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဥ်တိုင်းတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော် နည်းဖြင့် ပါနေကြောင်း၊ ထိုင်းအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုသည် များစွာ ဆက်စပ်မှု ရှိနေသည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေထဲမှာ ထိုင်းကတော့ဖြင့် ပွင့်ပွင့်လင်းလင်း ပြောတာပါ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တိုင်းမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ပါနေကြတယ်။ အစိုးရ အဆက် ဆက်တွေမှာ။ ဖြစ်လာတဲ့ ပြည်တွင်း မငြိမ်သက်မှု အဲဒါကြောင့် ဖြစ်လာတဲ့ ပြီးခဲ့တဲ့ကာလပေါ့။ မြဝတီမြို့ဖြစ်စဉ် အဲဒီမှာ ထိုင်း-မြန်မာ စီးပွားရေးစင်္ကြံ တစ်ခုလုံး ပျက်သွားပေါ့ ရပ်သွားတာပေါ့။ အဲဒီမှာ မြန်မာနိုင်ငံရဲ့ လူသန်းချီရှိ တဲ့ ထိုင်းကိုရောက်တဲ့လူ အားလုံးနီးပါး လောက်ကလည်းပဲ အဓိက,ကတော့ဖြင့် အောက်ခြေသိမ်းကအစ လုပ်ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာပေါ့။ ထိုင်းရဲ့ စီးပွားရေး မောင်နှင်အား တစ်ခုလုံးနဲ့ အထွေထွေ အလုပ်သမား ကျွမ်းကျင် အလုပ်သမား တော်တော်များများသည် မြန်မာလူထု ဖြစ်နေတာကို။ အထူးသဖြင့် လူငယ်မျိုးဆက် ဖြစ်နေတာကို။ ဒါတွေကိုပြန်ကြည့်ရင် ထိုင်းရဲ့ စက်မှုလက်မှုကအစ တော်တော်များများ ကဏ္ဍများသည် အောက်ခြေသိမ်း အလုပ် လုပ်‌တဲ့ မြန်မာလုပ်သား အင်အားမရှိရင် ရပ်တည်ဖို့ ခက်တဲ့ပုံ ပေါက်ပါတယ်။ ထိုင်းအကျိုးစီးပွားနဲ့ မြန်‌မာ ရွှေ့ ပြောင်း လုပ်သား မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှု‌က ဆက်စပ်တယ်။ အဲဒါကြောင့် အခု အာဆီယံသွားနေတဲ့ 5 point Consensus ကိုပဲပြောပြော တရုတ်ကပြောတဲ့ စည်း ၃ စည်းကိုပဲပြောပြော မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုက အရှေ့တောင်အာရှအတွက် အရေးပါသလို SCO တို့ အားလုံးနဲ့လည်း ပတ်သက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုကို ထိုင်းကလည်းပဲ လိုလားမှုကို ပြလာတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု ပြော သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်ကို တွေ့ရစဉ်

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရန် နယ်စပ် တည်ငြိမ် အေးချမ်းရေး လိုအပ်သည့် အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်ကြား တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကူညီပေးမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများကို မိမိတို့အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး အမြစ်ပြတ် မဖြေရှင်းနိုင် သရွေ့ နိုင်ငံတကာမှ မည်မျှပင် ဝင်ရောက်ကူညီသည်ဖြစ်စေ အဆင်ပြေနိုင်မှာ မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော်တို့ ပြည်တွင်းရေး အခြေအနေက တကယ့်ကိုဖြစ်နေတဲ့ နိုင်ငံရေး၊ ဇာစ်မြစ်က သွားဦးတည်ပြီး တော့မှ သွားမရှင်းနိုင်သရွေ့ ကျနော်တို့ အချင်းချင်း မရှင်းနိုင်သရွေ့က ထိုင်းကတော့ သူဘယ်လောက်ပဲ‌ မျှော်လင့် မျှော်လင့် နိုင်ငံတကာက ဘယ်‌လောက်ပဲ ဝင်ကူဝင်ကူ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တရုတ် အပါအဝင်ပေါ့နော်။ တရုတ်က ရွေးကောက်ပွဲကို ဘယ်လောက်ပဲ တွန်းအားပေးပြီးတော့မှ လုပ်နေလုပ်နေ ဒါက တိုင်းပြည်ငြိမ်သွား မယ့် အနေအထားမှာ မရှိဘူး။ ယာယီအပစ်ရပ် သွားရင်တောင်မှ အင်အားစုပြီးတော့မှ တိုက်ပွဲပြန်ဝင်ဖို့ အသင့် ပြင်နေတဲ့ အနေအထားပဲရှိတယ်။ ထို့အတူပဲ ဒီထိုင်းကလည်း နယ်စပ်ကုန်သွယ်ရေး ပြဿနာလည်း အဲဒီလိုပဲ အရင်းအမြစ်က တကယ့်ကို ဇာစ်မြစ်က ကျနော်တို့ တိုင်းပြည်ရဲ့အရေးက ကိုယ်တို့ အချင်းချင်း ကိုယ့်ပြည်တွင်းက အဖွဲ့အစည်းတွေအားလုံး စစ်တပ် အပါအဝင် တော်လှန်ရေးတပ် အပါအဝင် တိုင်းရင်းသားအင်အားစု အပါအဝင် တန်းတူညီမျှမှု လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်မှသာလျှင် ဒီဟာက ရေရှည်တည်တံ့သွားမှာပေါ့နော်။ အခုဟာ က ဘယ်လောက်‌ပဲ ဝင်နေနေ ဒီတိုင်းပဲသွားနေမှာပဲ လက်ရှိ အနေအထားက။ အခုထိုင်းတို့ အာဆီယံတို့ဝင်မယ် အလားအလာ ကောင်းလာအုံးမှာ မဟုတ်ဘူး။ စစ်ကောင်စီကနေပြီးတော့မှ ရွေးကောက်ပွဲ လုပ်လာတဲ့ကိစ္စ အစိုးရ သစ် ထူထောင်လာတဲ့ ကိစ္စကလည်း တကယ့်ကို ဇာစ်မြစ် မဖြေရှင်းနိုင်လို့ရှိရင်တော့ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းက ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ဘူး။ တိုင်းပြည်ဆိုရင်လည်း အခုလို ကမောက်ကမ ဖြစ်နေအုံးမှာ ပဲပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တွေ့ရစဉ် 

မြန်မာနိုင်ငံတွင် ပြည်တွင်းရေး သင့်မြတ်မှု ရရှိမှသာ ငြိမ်းချမ်းရေး ရရှိမည်ဖြစ်သဖြင့် နှစ်ဖက် အဖွဲ့အစည်းများကို ဆွေးနွေးမှုများ ပြုလုပ်ရန် မိမိတို့အနေဖြင့် တိုက်တွန်းမည် မဟုတ်ဘဲ ပြည်တွင်းရေး ဆွေးနွေးညှိနှိုင်းမှုများကို စတင်ရန်မှာ မြန်မာနိုင်ငံအပေါ်တွင်သာ မူတည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်က ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အစိုးရသစ် ဖွဲ့စည်းရန် လုပ်ဆောင်နေပြီး အစိုးရဖွဲ့ပြီးနောက် လွှတ်တော် ခေါ်ယူ ခြင်းနှင့် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကဲ့သို့ အဓိက ရာထူးနေရာများကို ခန့်အပ်ခြင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ပိုင်ခွင့် အာဏာများကို ပိုမိုခွဲဝေ အပ် နှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်တက်လာမည့် မြန်မာအစိုးရသစ် အနေဖြင့် တည်ငြိမ်မှုကို ပြန်လည် ဖော်ဆောင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် ရည်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများ အပါအဝင် အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လမ်းဖွင့်ထား ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။