CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က နယူးဒေးလီမြို့ မှာ တွေ့ဆုံ၍ မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ၎င်း၏ သမ္မတအဖြစ် ပထမဆုံး ပြည်ပခရီးစဉ်ကို အိန္ဒိယနိုင်ငံအား ရွေးချယ်ခဲ့သည့်အတွက် ကျွန်ုပ်တို့ အိန္ဒိယနိုင်ငံ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ထို့ထက်မက ဝမ်းမြောက်စရာကောင်းသည်မှာ ၎င်းသည် ယခုခရီးစဉ်ကို မြတ်စွာ ဘုရားရှင်၏ ကောင်းချီး အာနုဘော်များ ကိန်းဝပ်ရာ ဗုဒ္ဓဂယာမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံကို ပြန်လည်သုံးသပ်ခဲ့ကြသည်”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံသည် အိန္ဒိယ၏ “အိမ်နီးချင်းပထမ” (Neighbourhood First)၊ “အရှေ့မျှော်ဝါဒ လက်တွေ့ အကောင်အထည်ဖော်ရေး”(Act East) နှင့် “အင်ဒို-ပစိဖိတ်” (Indo-Pacific) မူဝါဒများအတွက် အရေးပါသော နိုင်ငံဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ကုန်သွယ်ရေး၊ မြေရှားသတ္တု(rare earths)၊ ကျန်းမာရေး စောင့် ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ရှေးဟောင်း အမွေအနှစ်များ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေး ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။
ထို့အပြင် ရေကြောင်းလုံခြုံရေး၊ ဆိုင်ဘာလုံခြုံရေးနှင့် အခြားသော ကဏ္ဍများတွင်လည်း အနီးကပ်ပူးပေါင်း ဆောင် ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မြေရှားသတ္တု တူးဖော်လျက်ရှိသည်။
အဆိုပါ မြေရှားသတ္တု တူးဖော်နေသော နယ်မြေများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA)တို့က ထိန်းချုပ်ထားပြီး တရုတ်က အဓိက လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။
