CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂

မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံအပြင် အခြားသော အင်အားကြီးနိုင်ငံများအား ခြေဆန့်ချင်သည့် အနေအထား မျိုး မြင်တွေ့ရသည်ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

အိန္ဒိယနိုင်ငံကို တရားဝင် ခရီးစဥ်အဖြစ် ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည်  ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်‌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးအတွက် ပူး‌ပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။ 

သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်းမှာ မြန်မာ့မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိက ဆွေးနွေးနိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

 မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယသမ္မတ Smt. Droupadi Murmu တွေ့ဆုံစဉ်

မြန်မာအစိုးရ အနေဖြင့် တရုတ်နိုင်ငံအပြင် အခြား အင်အားကြီး နိုင်ငံများကို ခြေဆန့်ချင်သည့် သဘောမျိုး ဖြစ်နိုင် ကြောင်း၊ အခြားနိုင်ငံကြီးများနှင့် ဆက်ဆံရေး တည်ဆောက်ကာ တရုတ်ကို ပြန်လည် ဖိအားပေးချင်သည့် အနေ အထားမျိုး ရှိသည်ဟု ယူဆ၍ရနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “သို့သော်လည်း ဒီလိုတော့ရှိတယ်ဗျ။ (ဦး)မင်းအောင်လှိုင် အနေနဲ့ တရုတ်ပဲ အဓိက မှီခိုနေတာ မဟုတ် ပါဘူး။ တခြား နိုင်ငံကြီးတွေနဲ့လည်း ဆက်ဆံရေး ကောင်းနေပါတယ်လို့ ပြချင်တဲ့ ပြယုဂ်က ပြနိုင်သွားတာပေါ့ဗျာ ဒီလောက်ပါပဲ။ (ဦး)မင်းအောင်လှိုင်သွားတဲ့ ရည်ရွယ်ချက်ကိုက ဒါပါတယ်။ သူက အမေရိကန်ကို သွယ်ဝိုက်စွာ သတင်း ပေးနိုင်တာပေါ့ဗျာ။ အမေရိကန်နဲ့လည်း သူဆက်ဆံချင်တာ အဲဒါကြောင့် အိန္ဒိယကို သွားကပ်တာ။ အိန္ဒိယက (Quad) ဆိုတဲ့ စနစ်တစ်ခုရှိတယ်လေ။ အိန္ဒိယရယ်၊ အမေရိကန်ရယ်၊ ဂျပန်ရယ်၊ ဩ‌စတြေးလျရယ် အဲဒီနိုင်ငံလေးနိုင်ငံ မဟာမိတ်ဖွဲ့ထားတာရှိတယ်။ အဲဒီဟာကို သူ‌မျက်စောင်း ထိုးတယ်ထင်တယ် ကြည့်ရတာ (ဦး)မင်းအောင်လှိုင်က။ သူ့မှာ တရုတ်ကိုပဲ အားကိုးနေတာမျိုး မဟုတ်ဘူးပေါ့။ သူ့ဆီမှာလည်း တခြား အားကိုး စရာတွေ ရှိတယ်ပေါ့။ တွက်ကြည့်တာ ဒီလိုဖြစ်နိုင်တယ်ထင်တယ်။ တရုတ်က ဒီတစ်ခေါက် ဝမ်ယိ ပြန်သွားပြီးတဲ့ နောက် တရုတ်ပြောတဲ့ အထဲမှာ တစ်ခုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ မိတ်ဆွေဟောင်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့နေထိုင်စားသောက်ရေး ဘာရေး အားလုံးကို အမြဲတမ်း လေ့လာမေးမြန်း နေပါတယ်ဆိုတာ သဘောက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကို တရုတ်က နည်းနည်းပြောနေပုံရတယ်။ အဲဒါကို (ဦး)မင်းအောင်လှိုင် က လက်မခံနိုင်ဘူးနဲ့တူတယ်။ ဒါကြောင့်မို့လို့ တခြားဟာရှာတာ။ ခွာတော့ မခွာနိုင်ဘူးဗျ။ တရုတ်ကလည်း အခွာ မခံဘူး၊ တရုတ်မှာက ဖဲတွေက အများကြီးပဲ၊ ဗမာပြည်ရဲ့ စီးပွားရေး တစ်ခုလုံးက တရုတ်လက်ထဲမှာ မူတည်နေ တာ ဘယ်လိုလုပ် သူခွာနိုင်မလဲ စဉ်းစားကြည့်ပေါ့။ ဒါပေမယ့် တရုတ်ကိုတော့ သူနည်းနည်း ဖိအားပေးချင်တာပေါ့။ မင်းတစ်ယောက်တည်း ငါ့မှာရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း တခြားလူတွေ ရှိတယ်ဆိုပြီး ဒီလိုဖိအားပေးတဲ့ဟာ လည်း ရှိပုံရပါတယ်” ဟု ပြောသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲသွားသည့် မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး အခင်းအကျင်း တွင် တရုတ်နိုင်ငံသည် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်လာပြီး မြန်မာအစိုးရနှင့် လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးလျက် ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံ‌‌ရေး၊ စစ်ရေး မငြိမ်မသက် ဖြစ်နေသရွေ့ တရုတ်-မြန်မာ စီးပွားရေးသည် လုပ်ဆောင် ၍ မရကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး အခွင့်အလမ်း ဆိုသည်ထက် မဟာဗျူဟာ အခွင့် အလမ်းဖက်ကို ပိုနေသည်ဟု ၎င်းတို့က ထောက်ပြကြသည်။ 

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် မရှောင်လွှဲနိုင်သည့် စီးပွားရေး ဆက်စပ်မှုများ ရှိနေသည့်အတွက် နိုင်ငံ တကာနှင့် ဆက်ဆံရမည်မှာ ပုံမှန်သာဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကျိုးအတွက် အိန္ဒိယသို့ သွားရောက် သည်နှင့် အင်အားကြီး နိုင်ငံများကို ချဥ်းကပ်သည်ဟု ပြော၍မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ဒါက အဲဒီလိုတော့ မဟုတ်ဘူး။ ဒါက လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အနေနဲ့ သူ့ဘာသာသူ လွတ်လပ်စွာ ဆက်ဆံမှာပဲလေ။ ကျနော်တို့က အမေရိကန်ပြည်ထောင်စု ကနေပြီးတော့ ပြောရလို့ရှိရင် မရှောင်လွှဲနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်လေ။ ဥပမာအားဖြင့် ကျနော်တို့က လေယာဉ်ပျံနဲ့ ပတ်သက်လို့ပေါ့နော်။ လေကြောင်း ပို့ဆောင်ရေးနဲ့ပတ်သက်လို့ အမေရိကန်တို့ အနောက်ဥရောပတို့တွေက သူ့ဆီက သဘောမတူရင် ဘယ်လိုလုပ်မလဲ။ တရုတ်လည်း အမေရိကန်လေယာဉ်ပျံတွေပဲ ဝယ်နေရတာလေ။ စီးပွားရေး ဆက်စပ်မှုက ရှိတယ် ဒီလိုရှိလို့ ဒီလိုဆက်ဆံတာကို တရုတ်နဲ့ မဆက်ဆံချင်လို့ ရှောင်ဖယ်တယ်လို့ ဒီလိုပြောလို့ ဘယ်ရမလဲ။ အဓိက,က ဒါ မြန်မာကလည်း မြန်မာ အကျိုးစီးပွားအတွက်ကို လုပ်ရမှာပေါ့နော်။ တရုတ်ပြည်က မြန်မာလိုသမျှ အကုန်လုံး လုပ်ပေးနိုင်တယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်က ဘာပဲပြောပြော အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်ကြီး ရှိနေတဲ့အခါကျတော့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရမှာပဲ။ အဲဒီတော့ တရုတ်နဲ့အမေရိကန်နဲ့ ယှဉ်လို့ရှိရင်တော့ တရုတ်က အမေရိကန်ထက် အများကြီး မြန်မာမှာ အရေးပါ‌တာပေါ့။ ထိုနည်းတူစွာပဲ အိန္ဒိယ ကလည်း မြန်မာနဲ့ လူဦးရေကလည်းများပြီးတော့ နယ်နိမိတ်ကလည်း အကြီးကြီး ရှိနေသေးတာလေ။ သူတို့နဲ့က ဆက်ကို ဆက်ဆံရမှာပေါ့နော်။ အခု အိန္ဒိယသွားလိုက်တာနဲ့ အိန္ဒိယဘက် ပါသွားပြီလို့ ဘယ်ပြောလို့ရမလဲ” ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တန့်ထားရသည်။

ထို့ကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ တရုတ်၏ စီမံ ကိန်းများ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံစိတ်ချစေရန် ဆောင်ရွက်ပေးရမည်ဟု သမ္မတ ဦးမင်းအောင်လှိုင်ကို  ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ တွေ့ဆုံစဥ် ပြောကြားခဲ့သည်။