CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၉

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်၍ ထိုခရီးစဉ်အတွင်းမှာ မြန်မာ့ မြေရှားသတ္တုနှင့် လုံခြုံရေးကိစ္စရပ်များကို အဓိက ဆွေးနွေးနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်းတွင် သွားရောက်မည်ဖြစ်သည်။  

အဆိုပါ အိန္ဒိယခရီးစဥ်တွင် အိန္ဒိယသမ္မတ အပါအဝင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ် သလို အိန္ဒိယအစိုးရအဖွဲ့ အကြီးအကဲများနှင့် စီးပွားရေးသမားများဖြင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 မြေရှားသတ္တုနဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်

အမေရိကန်အနေဖြင့် မြေရှားသတ္တုအား တရုတ်နိုင်ငံသို့ မှီခိုအားထားနေခြင်းကို လျှော့ချနိုင်ရေးအတွက် စဉ်းစားလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်စပ်လာနိုင်ကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး သွားမည့် ခရီးစဥ်သည် မြေရှားအရေး ကိစ္စအတွက်ကို ဦးတည်လာနိုင်သလား စဥ်းစားမိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,ကတော့ အဲဒီ ဒေသဘက်ကနေပြီးတော့ အမေရိကန်က မြေရှားသတ္တုတို့ ဘာတို့ လမ်းကြောင်း ဖောက်ချင်တယ်ထင်တယ်။ မကြာသေးခင်က အမေရိကန်နဲ့ အိန္ဒိယနဲ့ စာချုပ်ချုပ်တာ တစ်ခုတွေ့လိုက်တယ်။ တွေ့လိုက်တဲ့ အခါကျတော့ သူက မြေရှားသတ္တုမှာ အမေရိကန်က တရုတ်ပြည်ကို အဓိက မှီခိုအားထားနေရတဲ့ ကိစ္စကို လျှော့ချနိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းဆိုပြီးတော့ အဲဒီလို သုံးသပ်တယ်။ သုံးသပ်တော့ တစ်ခုက အဲဒီမြေရှားသတ္တုက အိန္ဒိယက ပြီးတော့ ဘယ်နေရာက ယူမှာလဲ။ ကျနော်တို့က အဲဒီဟာကို သူ့တိုင်းပြည် အတွင်း မှာ မြေရှားသတ္တုထုတ်ပြီးတော့ ပေးမှာလား။ ဒါမှမဟုတ်ရင် KIA နဲ့ ဆက်စပ်ပြီးတဲ့ အခါကျတော့ မြေရှားသတ္တု တင်သွင်းမှာလားပေါ့နော်။ အဲဒါကို ကျနော်တို့က စိုးရိမ်တယ်။ စိုးရိမ်တော့ အဲဒီဟာကို ကျနော်တို့ စိုးရိမ်သလိုမျိုး ဦးမင်းအောင်လှိုင်ကလည်း စိုးရိမ်လို့ အဲဒီကိစ္စတွေအတွက် ဆွေးနွေးတာလားပေါ့။ အဲဒီဘက်ကနေပြီးတော့ KIA နဲ့ ချိတ်ဆက်ပြီးတော့ မြေရှားသတ္တုသယ်မှာဆိုရင် သူက KIA လိုအပ်နေတဲ့ လက်နက်ခဲယမ်း၊ လက်နက်တို့ ဘာတို့ ထောက်ပံ့တာ‌တို့ ဘာတို့လုပ်ရမှာ။ ဆိုတော့ အဲဒီဒေသရဲ့ အလားအလာက စိုးရိမ်စရာတော့ နည်းနည်းကောင်းတာ ပေါ့နော်။ အဲဒီတော့ အိန္ဒိယအနေနဲ့က အရင်တုန်းက Policy အတိုင်း မြန်မာ့အရေးကိစ္စမှာ သူကဝင်မပါဘူး။ မပါ တဲ့အပြင်ကို သူ့တိုင်းပြည်ထဲမှာလည်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေရှိတော့ အပြန်အလှန် တပ်နှစ်ခုက အပြန်အလှန်ကူညီ‌ပြီးတော့ နှိမ်နင်းတာမျိုးပေါ့နော် အဲဒီအတိုင်း ဆက်ပြီးထိန်းသိမ်းဖို့ ‌ဆွေးနွေးဖို့ သွားတာလား ပေါ့ မပြောတတ်ဘူးပေါ့နော် တွေးကြည့်တာပေါ့” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းများကို တရုတ်က အများစု လုပ်ကိုင်နေကြောင်း၊ KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အတွင်းက ပန်ဝါ-ချီဖွေ ဒေသတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းက NDAA နှင့် UWSA ထိန်းချုပ် ဒေသများတွင် လည်းကောင်း တူးဖော်လျက်ရှိသည်။

တရုတ်၊ မြန်မာနဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ် 

ထို့နောက် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကသုံးလုံး (ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်၍ ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ပေါက်အား အသုံးပြု၍ အနောက်အုပ်စုနှင့် ဥရောပနိုင်ငံများသို့ မြေရှားသတ္တု တင်ပို့နိုင်ရေး ကြိုးပမ်း လျက်ရှိသည်။

အလားတူ ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ရှင်ဗွေယန်လမ်းကြောင်းကို အသုံးပြု၍ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ ပန်ဆောင်ဂိတ်ကနေ အိန္ဒိယနိုင်ငံအတွင်းသို့ မြေရှားသတ္တု တင်ပို့နိုင်ရေး စစ်ရေးနှင့်စီးပွားရေး လမ်းကြောင်းများ ဖော်ဆောင်လျက်ရှိသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တုကို ဝယ်ယူရေး စိတ်ဝင်စားနေကာ KIA နှင့် လျှို့ဝှက် သ‌ဘောတူစာချုပ် ချုပ်ဆိုထားကြောင်းလည်း နိုင်ငံတကာ သတင်း ဆောင်းပါးများ ထွက်ပေါ်ထားသည်။ 

မြန်မာနိုင်ငံအတွင်း မြေရှားသတ္တု တရားမဝင်စီးပွားရေး ဖြစ်နေရခြင်းသည် တရုတ်၊ အိန္ဒိယ အစိုးရ၏ ပေါ်လစီ‌ ကြောင့်ဟု ပြော၍မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တချို့ဟာတွေက တရုတ်တို့ ဘာတို့ ကျန်တဲ့ ဟိုဟာတွေကို သွားပြောနေရတဲ့ဟာက သိပ်မဟုတ်ဘူးလို့ ထင်တယ်။ မဟုတ်ဘူးလို့ ထင်တယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ တချို့ဟာက တရုတ်နိုင်ငံရဲ့ သူတို့ရဲ့ ပေါ်လစီအရ လာလုပ်နေတာ ဟုတ်ချင်မှဟုတ်မယ်။ တရုတ်စီးပွားရေးသမားတွေက မြန်မာပြည်မှာ လွယ်ကူနေ တာကို။ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု အားနည်းတယ်။ အဲဒီ ဒေသတွေမှာ အထူးသဖြင့် ပိုပြီး‌တော့မှ မြန်မာအစိုးရ ရဲ့ လက်တံလည်း ရောက်မနေဘူး။ ဒေသမှာရှိနေတဲ့ အဖွဲ့အစည်းတွေ‌ပေါ့နော်။ အဖွဲ့အစည်းတွေနဲ့ ညှိပြီးလုပ် လိုက်ရင် ရတယ်ဆိုတဲ့ ဟာမျိုးတွေမှာ လုပ်နေကြတဲ့ ဟာမျိုးတွေရှိတာပေါ့။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီဘက် မှာဆိုရင် တရုတ်တွေ ရှိတာပေါ့နော်။ တရုတ်နိုင်ငံ အစိုးရရဲ့ တကယ့် ကုမ္ပဏီကြီးတွေက တရားဝင်လာ တူးနေတာ မဟုတ်ဘူးပေါ့၊ တရုတ်စီးပွားရေးသမားတွေက နားလည်မှုနဲ့ လာလုပ်နေတာဆိုတော့ တရုတ်ရဲ့ ပေါ်လစီလို့ ကျနော်တို့က ပြောရခက်တာပေါ့နော်။ နောက်တစ်ခုက အိန္ဒိယကလည်း ဒီလိုပဲ။ အော် အိန္ဒိယက အဲ့လိုတွေ လုပ်မယ် ပြုမယ်ကြားတယ်။ ဒါကလည်း အိန္ဒိယနိုင်ငံ အိန္ဒိယအစိုးရရဲ့ ပေါ်လစီဖြစ်ဖို့က ကျနော်တစ်ဦးတည်း အယူအဆဆို ဒါမျိုး မဟုတ်နိုင်ဘူးပေါ့ဗျာ။ ကျနော်တို့က ကိုယ့်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေက ကိုယ့်အချင်းချင်း တိုင်ပတ်နေလို့ ဖြစ်ကြတဲ့ကိစ္စတွေ အဲ့တာကို တခြားနိုင်ငံတွေနဲ့က သိပ်ပြီးတော့မှ ပြောလို့ မရနိုင်ဘူးပေါ့နော်။ အိန္ဒိယကလည်း သူ့နယ်မြေထဲမှာတော့ သူ ထိန်းချုပ်လို့ ရမယ်လေ။ မြန်မာပြည်တွင်းမှာ ဖြစ်တဲ့ဟာကို သူလာပြီး ထိန်းချုပ်လို့ မရဘူး။ မြန်မာပြည် ဒီဘက်အစိုးရကလည်း အဲဒီနယ်မြေကို စိုးမိုးနေတာ မဟုတ်ဘူးဆိုတဲ့ အခါကျ တော့ ဒီလိုမျိုး ဘေးဇုန်တွေ ပေါ်ပြီးတော့မှ အဲဒီလို တရားမဝင်တဲ့ စီးပွားရေးတွေကတော့ ဖြစ်နေမှာပဲ။ အဲဒီ ဖြစ်နေတဲ့ဟာကို သူများသွားလွှဲချလို့မရဘူး ကိုယ့်ဟာကိုယ် ရှင်းကြရမယ့်ကိစ္စပဲပေါ့နော် အဲဒီလိုပဲ မြင်ပါတယ်" ဟု ပြောသည်။

မြန်မာ့မြေရှားသတ္တုနဲ့ တူးဖော်နေမှုကိုတွေ့ရစဉ်

လက်ရှိတွင် မြေရှားသတ္ထုသည် ပထဝီအနေအထားအရ အသုံးချ၍ရသည့် လက်နက်တစ်ခုကဲ့သို့ ဖြစ်နေ ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံရှိ‌ မြေရှားသတ္တုကို ကမ္ဘာတစ်ဝန်းရှိ အင်အားကြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက  ၎င်းတို့နိုင်ငံ အတွက် နည်းပညာ၊ စစ်လက်နက် ပစ္စည်းများအတွက် လိုချင်နေကြသည်။ 

မြေရှားသတ္တုသည် အခြားနိုင်ငံများတွင် ရှားကောင်းရှားနိုင်သော်လည်း မြန်မာနိုင်ငံတွင်မူ မရှားဘူးဟု ပြော၍ ရကြောင်း၊ သို့သော် လိုချင်သည့် မည်သူ့ကိုမဆို စျေးဆစ်ခြင်းမျိုးမရှိဘဲ ငွေကြေးရလျှင် ပြီးရောဆိုသည့် သဘောမျိုးဖြင့် ရောင်းချခြင်းမျိုး မလုပ်သင့်ဘူးဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က ပြောသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို မြေရှားသတ္ထု တန်ချိန် ၅၀,၀၀၀ ကျော် တင်ပို့ခဲ့ကာ ၂၀၂၂ ခုနှစ်ထက် ၈၀ ရာခိုင်နှုန်း နီးပါးတိုးတက်သွားသည်။ 

ထို့အပြင် ကုန်သွယ်မှုတန်ဖိုးသည် နှစ်စဥ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝန်းကျင်အထိ တန်ဖိုးရှိပြီး မြန်မာ့စီးပွားရေး အထူးသဖြင့် နယ်စပ်ဒေသအတွက် အလွန်ကြီးမားသည့် ပမာဏတန်ဖိုးလည်းဖြစ်သည်။