CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၉
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ ပေါကြွယ်ဝသော်လည်း ငြိမ်းချမ်းရေး မရရှိသေးသည့်အတွက် တိုင်းပြည် ၏ ဖွံ့ဖြိုးမှုသည် နောက်ကျနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံရှိ ပေါကြွယ်ဝသော သယံဇာတများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်မလာဘဲ ပဋိပက္ခ များကို ဖန်တီးပေးရာ ရောက်နေကြောင်း၊ ထိုသယံဇာတများသည် စစ်ပွဲများအတွက် သုံးစွဲနေရခြင်းကြောင့် ဖွံ့ဖြိုး တိုးတက်မှုကို အကြီးမားဆုံး အဟန့်အတားဖြစ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
မိမိတို့ မြန်မာနိုင်ငံသည် ပြည်တွင်းစစ် အကျပ်အတည်းကြောင့် နိုင်ငံက ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ အဓိက,ကတော့ ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် ပြည်တွင်းစစ် အကျပ်အတည်း ကြောင့်ပဲ နိုင်ငံက ဆင်းရဲနေတာ။ နိုင်ငံမှာက ရာသီဥတုလည်း မျှတတယ်၊ သယံဇာတလည်း ပေါတယ်၊ လုပ်နိုင်တဲ့ လူအင်အားတွေလည်းရှိတယ်။ ဒီအရင်းအမြစ်တွေက နိုင်ငံက တခြား ပတ်ဝန်းကျင် နိုင်ငံတွေထက် အများကြီး ကွာသွားရမှာ။ အဲဒီတော့ ဒီအင်အားတွေ သုံးပြီးတော့ နိုင်ငံတည်ဆောက်ရေးကို ဝိုင်းလုပ်ရင် ကျနော်တို့ ငြိမ်းချမ်း ရေးကလည်း ရမှာပါ၊ ကျနော်တို့ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မှာပါ။ ဒါပေမယ့် ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကို မလိုလားတဲ့ ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ သွေးထိုးနှောင့်ယှက်မူကို တိုင်းရင်းသားတွေက နားမယောင်ပါနဲ့လို့ တိုက်တွန်းချင်တာပါ။ နားမယောင်အောင်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ တိုင်ပင်ကိုက် လှုပ်ရှားမှုတွေ အများ ကြီး ပေါ်ပေါ်လာခဲ့တာ။ ကျနော်တို့နိုင်ငံက စီးပွားရေး မူဝါဒတစ်ခု ပြောင်းပြီဆိုရင် ဘေးပတ်ဝန်းကျင် ပယောဂ တန်းဝင်လာတာပေါ့ဗျာ။ ကျနော်တို့ ဥပမာဆိုပါဆို့ ကျနော်တို့ GNC လို ဟာမျိုးကို ဒီအထည်ချုပ်လုပ်ငန်းလေ။ အထည်ချုပ်လုပ်ငန်းဆိုတာ လူတွေအများကြီးကို လုပ်အားပေးနိုင်တာလေ။ ဒါပေမယ့် အဲဒါကိုပဲ အလုပ်သမား အခွင့်အရေး ဘာညာ အကြောင်းပြပြီးတော့ အေးဂျင့်တွေ မွေးပြီးတော့ နိုင်ငံတကာက နှောင့်ယှက်တာ တန်းစာခံ ခံရတာတွေ။ မြစ်ဆုံဆည်ကြီး တည်ဆောက်ရေးကို သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အဖွဲ့တွေ ပေါ်လာပြီးတော့ အခုပဲ ကင်းထိုင် စောင့်မယ့်ပုံစံမျိုးတွေနဲ့ ကျနော်တို့ မြစ်ဆုံကြီး မအောင်မြင်အောင်လို့ တားဆီးခဲ့ကြတာလေ။ အဲဒီလိုပဲ ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အောင်မြင်မယ်ဆိုတဲ့ အလားအလာ ရှိနေတဲ့အချိန်မှာလည်း ကြားထဲက ဆန့်ကျင် မယ့်လူတွေ ဟိုကပေါ်လာ၊ ဒီကပေါ်လာ ဒီလိုတွေပဲ အဲဒါတွေ အကုန်လုံးက ကျနော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေက မွေးထားတဲ့လူတွေ။ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းစ ရောက်မသွားအောင် မွေးထားတဲ့ လူတွေဆိုတာကို တိုင်းရင်းသားတွေ သိအောင် ကျနော်တို့က ရှင်းပြဖို့လိုမယ်၊ တစ်နိုင်ငံလုံး သိအောင်လည်း ဒါက ရှင်းပြဖို့အတွက် လိုမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ မြေပုံနဲ့ သယံဇာတကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တည်ငြိမ်မှု မရှိသည့်အတွက် သယံဇာတများမှရရှိသော ဝင်ငွေများကို ပြည်သူ့ကျန်းမာရေး၊ ပညာရေး သို့မဟုတ် အခြေခံ အဆောက်အအုံများအတွက် မသုံးစွဲနိုင်တော့ဘဲ ပဋိပက္ခများအတွက်သာ အသုံးပြုလာကြကြောင်း၊ ထို့နောက် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျလာကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ များက ထောက်ပြကြသည်။
တိုင်းပြည်တစ်ပြည်တွင် ငြိမ်းချမ်းရေး ကင်းမဲ့ခြင်းနှင့် ပဋိပက္ခများ ဖြစ်ပွားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အကြီး မားဆုံး ဟန့်တားစေသော အဓိက အကြောင်းရင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိသောကြောင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေကြောင်းလည်း ၎င်းတို့က ထောက်ပြ ကြသည်။
သယံဇာတ ပေါကြွယ်ဝသည့် တိုင်းရင်းသားဒေသများတွင် အုပ်ချုပ်သူများနှင့် ၎င်း၏ မိသားစုများကသာ ဖွံ့ဖြိုး တိုးတက်လာပြီး ၎င်းတို့လူမျိုးက ဘာကြောင့် နိမ့်ကျနေရတာလဲဆိုသည့် မေးခွန်းမေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံနဲ့ တရုတ်- လက်နက်ကိုင်များကိုတွေ့ရစဉ်
၎င်းက “ပြောချင်တာ အုပ်ချုပ်တဲ့လူရဲ့ management ညံ့လို့ပေါ့။ သယံဇာတမရှိတဲ့ စင်္ကာပူလို နိုင်ငံတွေ၊ တခြား နိုင်ငံတွေမှာကျတော့ အုပ်ချုပ်တဲ့သူရဲ့ management က တော်တာကို။ ဒီသယံဇာတပေါ်မှာ ကျမတို့က မှီခိုလို့ မရဘူး။ သယံဇာတမှာလည်း မျိုးစုံရှိတယ်လေ။ လူရဲ့ သယံဇာတကို စွမ်းအင်မြင့်ပေးတာလား၊ ဥပမာ အပြင် သယံဇာတလားဆိုတာ အရေးကြီးတာပေါ့နော်။ ကျမတို့ တိုင်းပြည်မှာကျတော့ ဒီဥစ္စာပစ္စည်းရဲ့ သယံဇာတပေါ်မှာ သွားမှီခိုလိုက်တဲ့ အခါကြတော့ လူတွေရဲ့ အရည်အချင်းက ညံ့ဖျင်းသွားတာပေါ့။ အခုကျတော့ ကျမတို့ဆီမှာ သယံဇာတတွေက များတယ်ဆိုပေမယ့် ကျမတို့ တိုင်းရင်းသားတွေမှာ စည်းလုံးညီညွတ်မှုမရှိဘူး။ တိုင်းရင်းသား တွေနဲ့ နှစ်ပေါင်း ၇၀ ကျော် ကျမတို့က ပြဿနာတွေ ဖြစ်နေသမျှတော့ ဒါဒီလိုမျိုးတွေ ကျမတို့က ဖွံ့ဖြိုးမှုတွေက နောက်ကျနေအုန်းမှာပဲ။ ဒီနေရာတွေမှာ သယံဇာတတွေရှိတဲ့ နေရာမှာ နေနေသော တိုင်းရင်းသားတွေကလည်း သိတာပါပဲ။ သူတို့ဒေသတွေ ဘာကြောင့် ဖွံ့ဖြိုးမှုမရှိတာလဲဆိုတဲ့ဟာကို သူတို့သိတယ်လေ။ ဒါပေမယ့် သူတို့ကျ တော့ရော ဘာဖြစ်လို့ သူတို့ရဲ့ အုပ်ချုပ်တဲ့သူတွေကပဲ အုပ်ချုပ်တဲ့သူတွေရဲ့ မိသားစုတွေနဲ့ သူတို့တွေကသာ ဖွံ့ဖြိုး တိုးတက်ပြီးတော့ သူတို့လူမျိုးက ဘာဖြစ်လို့ နိမ့်ကျတာလဲဆိုတဲ့ဟာကိုလည်း မေးခွန်းမေးဖို့လိုတယ်”ဟု ပြော သည်။
ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ အပေါင်းအပါများသာ ချမ်းသာကြွယ်ဝပြီး တိုင်းသူပြည်သားများ ဆင်းရဲ နိမ့်ကျ နေရခြင်းသည် အာဏာရှင် ဆန်သောစနစ်၊ အကျင့်ပျက် ခြစားမှုနှင့် လူထုဗဟိုပြု မူဝါဒများ ကင်း မဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။
နိုင်ငံ့ဘဏ္ဍာနှင့် သဘာဝ အရင်းအမြစ်များကို အများပြည်သူ အကျိုးအတွက် အသုံးမပြုဘဲ အုပ်ချုပ်သူ လူနည်းစု က ၎င်းတို့၏ မိသားစု၊ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် စစ်ရေး/အုပ်ချုပ်ရေး ယန္တရားအတွက်သာ ဦးစားပေး သုံးစွဲနေကြောင်းလည်း ထောက်ပြကြသည်။
