CNI International News

စင်ကာပူ၊ ဇွန်လ ၂

တရုတ်နိုင်ငံ၏ လျင်မြန်သော စစ်ရေးအင်အား ကြီးထွားလာမှုနှင့် ယခင်က ဒေသတွင်းကို ရေရှည်စိုးမိုးထားခဲ့သည့် အမေရိကန်၏ ကတိကဝတ်များအပေါ် သံသယများ မြင့်တက်လာချိန်တွင် အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများ သည် လက်နက်တပ်ဆင်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မေလ ၃၀ ရက်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သော အာရှ၏ ထိပ်တန်း ကာကွယ်ရေး ဖိုရမ်ဖြစ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth)က ဒေသတွင်း မိတ်ဖက်နိုင်ငံများ အနေဖြင့် လုံခြုံရေးတာဝန်များကို ယခုထက်ပို၍ ပူးတွဲထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။

သို့သော် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အမေရိကန်၏ အာရုံစိုက်မှု နည်းပါးနေပြီး ဦးစားပေး လုပ်ငန်းစဉ်များ လမ်းကြောင်း လွဲချော်သွားနိုင်ကြောင်း စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

“ကျနော်တို့ အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်” ဟု ဟက်ဆက်က ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ရေးဦးစီးချုပ်များ၊ စစ်ဘက်နှင့် ထောက်လှမ်းရေးအရာရှိများ တက်ရောက်ခဲ့သည့် ရှန်ဂရီလာဆွေးနွေး ပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ကို တွေ့ရစဉ်

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်းဂျီရို ကိုအီဇူမီ (Shinjiro Koizumi) က အမေရိကန်၏ ကတိကဝတ်အပေါ် စိုးရိမ် စရာ မရှိကြောင်း ပြောကြားခဲ့သော်လည်း အချို့နိုင်ငံများကမူ အမေရိကန်၏ ကတိကဝတ်အပေါ် မေးခွန်းများရှိနေ ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရိုက်တာသတင်းဌာနနှင့် ပြုလုပ်ခဲ့သော သီးသန့် အင်တာဗျူးများတွင်လည်း ဒေသတွင်း ကာကွယ်ရေး ဦးစီးချုပ်များနှင့် စစ်ဘက်အရာရှိများက အမေရိကန်၏ အကာအကွယ်အောက်မှ ကျော်လွန်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးမှုများ ရှိနေကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့ကြသည်။

“ဒီနေရာကို တက်ရောက်လာကြတဲ့ ကာကွယ်ရေးဝန်ကြီး အားလုံးဟာ မိမိတို့ရဲ့ တစ်ဦးချင်း ကာကွယ်ရေး စွမ်းရည်တွေကို လျင်မြန်စွာနဲ့ ထိရောက်စွာ မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို တညီတညွတ်တည်း သဘောတူညီကြပါတယ်”ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) က ရိုက်တာကို ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်းဂျီရို ကိုအီဇူမီကို တွေ့ရစဉ် 

ထို့ပြင် ဖိလစ်ပိုင် အနေဖြင့် ဂျပန်၊ သြစတြေးလျ၊ ကနေဒါနှင့် နယူးဇီလန် ကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ဂျပန်နိုင်ငံကလည်း တရုတ်နိုင်ငံကို ကျော်လွန်ပြီး ပိုမိုနီးကပ်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများအတွက် ချိတ်ဆက်မှု ဗဟိုချက်အဖြစ် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီက ပြောကြားခဲ့သည်။

Source: ရိုက်တာ