CNI International News

နယူးဒေလီ၊ ဇွန်လ ၆

လာမည့်နှစ် အနည်းငယ်အတွင်း ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံ တစ်ခုကို အိန္ဒိယနှင့်အမေရိကန်အရာရှိများက အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်ဟု အိန္ဒိယအစိုးရဘက်မှ ထုတ် ပြန်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

ယင်းက အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်ခြင်းကို မြှင့်တင်မည့် လုပ်ဆောင်ချက်ဟုလည်း ယူဆရသည်။

အမေရိကန်သည် ကမ္ဘာ့အကြီးဆုံးလက်နက်တင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနှင့်ဆက်ဆံရေးကို ခိုင်မာစေရန် သာမက၊ စစ်တပ်ချင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ဆက်ဆံရေးများကို မြှင့်တင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း တရုတ်၏လွှမ်းမိုးမှုကို အိန္ဒိယနိုင်ငံဖြင့် တွန်းလှန်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

အိန္ဒိယသို့ ရောက်ရှိနေသော အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း (Rajnath Singh) တို့၏ တနင်္လာနေ့ နယူးဒေလီအစည်းအဝေးတွင် လမ်းပြ မြေပုံအား အပြီးသတ်နိုင်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) ၏ ဇွန် ၂၂ ရက် အမေရိကန်သို့ ခရီးစဉ်မတိုင်ခင် တစ်ပတ်အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝန်ကြီးနှစ်ဦး၏ ဆွေးနွေးပွဲများသည် ထုတ်လုပ်ရေးလုပ်ငန်းကို မြှင့်တင်ရေးနည်းလမ်းများကို ရှာဖွေသတ်မှတ်ရန် ဦးစားပေးဆောင်ရွက်ခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဌာနက ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြသည်။

အော်စတင်သည် နယူးဒေလီတွင် အခမ်းအနား ဧည့်ခံစဉ်အတွင်း Tri-Service Guard of Honour ကို စစ်ဆေးနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

နှစ်ဖက်စလုံးသည် နည်းပညာသစ်များကို ပူးတွဲတီထွင်ရေးအခွင့်အလမ်းများကို ရှာဖွေရန်၊ ရှိပြီးသားနှင့် စနစ်သစ် များကို ပူးတွဲထုတ်လုပ်ရန်၊ နှစ်နိုင်ငံကြားကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး ဦးဆောင်ပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း ယင်းတွင် ဖော်ပြသည်။

ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဝန်ကြီးနှစ်ဦးသည် အမေရိကန်-အိန္ဒိယ ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်လမ်းပြမြေပုံတစ်ရပ်ကို အပြီးသတ်နိုင်ခဲ့သည်ဟုလည်း ပါဝင်သည်။ အိန္ဒိယသည်စစ်တပ်အတွက် လိုအပ်သော အသုံးအဆောင်များ၏ တစ်ဝက်နီးပါးအတွက် ရုရှားကိုသာ မှီခိုနေရ သည်။ ယင်းကြောင့် ၎င်းတို့သည်အမေရိကန်၊ ပြင်သစ်၊ အစ္စရေးတို့အပါအဝင် တခြားသောနိုင်ငံများမှ ရင်းမြစ် များကို မျှဝေသုံးစွဲရန် အရှိန်မြှင့်တင်ဆောင်ရွက်လာသည်ကို တွေ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုနိုင်ငံများကို အိန္ဒိယကုမ္ပဏီများနှင့်ပူးပေါင်းကာ ပြည်တွင်း သုံးနှင့် ပြည်ပသို့ တင်ပို့မှုများအတွက် လက်နက်နှင့်စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို အိန္ဒိယ နိုင်ငံတွင်းထုတ်လုပ်ရန် အိန္ဒိယအစိုးရက ရည်ရွယ်ထားသည်။

အိန္ဒိယသည် ခန့်မှန်းခြေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၂ ဘီလီယံတန်ကြေးရှိ စွမ်းရည်မြင့်ဒရုန်း ၁၈ စင်းကို General Atomics Aeronautical Systems Inc ထံမှ ဝယ်ယူရန်ပြင်ဆင်နေသည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ ရာဟူး ဘီဒီ (Rahul Bedi) က ပြောသည်။

အဆိုပါဒရုန်းများကို တင်းမာမှုများရှိနေသော တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်များအပြင် အိန္ဒိယ သမုဒ္ဒရာ ဒေသများတွင် ဖြန့်ကျက်တာဝန်ပေးသွားဖွယ်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

Source:Aljazeera