CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားတွင် မည်ကဲ့သို့ ပါးနပ်စွာ လျှောက်လှမ်းမလဲ ဆိုသည့်အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
တရုတ်- အိန္ဒိယတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား အကျိုး စီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဥ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်တွင် အခြေခံထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်- အိန္ဒိယ နှစ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများ ကြားထဲတွင် အစိုးရအနေဖြင့် ပါးနပ်စွာ လုပ်ကိုင် ဆောင်ရွက်ရန် အင်မတန်လိုအပ်ကြောင်း၊ ထိုသို့ မဟုတ်ပါက မြန်မာနိုင်ငံအနေဖြင့် တရုတ် အပေါ် အကြွေးနွံ့နစ်မှု အခြေအနေများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာ-အိန္ဒိယ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်စဉ်
၎င်းက “ဒီဟာက ကျနော်တို့နိုင်ငံက အခု ပထဝီ အနေအထားအရ တကယ့်ကို ကောင်းတဲ့ ကျနော်တို့အပြင် အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးတွေအတွက် အလွန်ကောင်းတဲ့ အချက်အချာကျတဲ့ နေရာဖြစ်နေတော့ ကျနော်တို့က အဲဒီအပေါ်မှာ အသုံးချနိုင်ရင် ကျနော်တို့အတွက် အများကြီး အကျိုးရှိတာပေါ့၊ အသုံးချ နိုင်ရမယ်။ ကျနော်တို့ တွေက ကောင်းကောင်း အသုံးမချနိုင်ရင်တော့ ကျနော်တို့က "မြေ"ပဲ စိုက်ပြီးတော့ သွေးစုပ်ခံရပြီးတော့ ဘာမှ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ ဆင်းရဲမြဲ ဆင်းရဲ၊ မွဲတေမြဲ မွဲတေ အခြေအနေတွေ ဖြစ်သွားနိုင်တာပေါ့။ ကျနော်တို့ ဘယ်လို ဟိုဟာဖြစ်မလဲဆိုတော့ ဆိုကြပါစို့ တရုတ်ကနေပြီးတော့ မြန်မာပြည်ကို ဖြတ်ပြီးတော့ အိန္ဒိယ ထွက် ပေါက် လုပ်ကြတယ်။ သူတို့ရဲ့ BRI စီမံကိန်းတွေရဲ့ အခြေခံ သဘောက လမ်းကြီးတွေ အဲဒီလိုဖောက်မယ်၊ ကုန်သွယ်ရေးလုပ်မယ်။ အဲဒီတော့ ဖောက်တဲ့နေရာ၊ ဖောက်တဲ့ တိုင်းပြည်က သူက အကုန်အကျ ခံရမယ်။ အဲဒီ တော့ ငွေမရှိရင် ချေးပေးမယ် သူတို့မှာ ဘဏ်ရှိတယ်။ BRI အတွက် ထောင်ထားတဲ့ ဘဏ်ရှိတယ်၊ ဘဏ်က ချေးပေးမယ်။ ပြီးလို့ရှိရင် အတတ်ပညာ မရှိရင် သူတို့ဆီမှာ အတတ်ပညာ အကုန်ရှိတယ်။ ကမ္ဘာပေါ်မှာ ဘယ် လောက် ခက်ခဲတဲ့ နေရာဖြစ်ဖြစ် သူတို့ဖောက်ပေးနိုင်တယ်၊ လမ်းဖောက်ပေးနိုင်တယ်။ အဲဒီလိုမျိူး တရုတ်က အာမခံချက်နဲ့ သူက လိုက်ပြီးတော့ စည်းရုံးတာပေါ့။ ဒီ လမ်းကြီးဖောက်လို့၊ ဒီသင်္ဘောဆိပ်ကြီး ဆောက်လို့ ကိုယ် က ချေးငွေအတွက် အတိုးပေးနေရတာပဲ အဖက်တင်ပြီးတော့ ဒီသင်္ဘောဆိပ်ကြီးက သင်္ဘောတွေ ဆိုက်ကပ်တာ လည်း မရှိ၊ ကုန်ပစ္စည်းတွေ လာပြီးတော့ ကျယ်ပြန့်တဲ့ ဈေးကွက်ကြီးမရှိလို့ နိုင်ငံခြားက ကုန်ပစ္စည်းတွေ သယ်လာ တာလည်းမရှိ၊ ကိုယ့်ဆီက ရောင်းစရာမရှိလို့ ဒီကသင်္ဘောတွေ ထွက်တာလည်း မရှိဆိုရင်တော့ သင်္ဘောဆိပ်ကြီး ကတော့ ပြီးသွားပြီ။ ဒါပေမယ့် အဲဒီ သင်္ဘောဆိပ်အတွက် ကိုယ်က ဘဏ်ချေးငွေတွေ အတိုးတွေ ပေးနေရတာပဲ အဖက်တင်ပြီးတော့ ကိုယ်က အကြွေးနွံ့ နစ်မှာပေါ့နော် Dept-Trap ခေါ်တာပေါ့။ ကျနော်တို့ ဟမ်ဘန်တိုတာ ဆိုတာ ကျနော်တို့ သီဟိုဠ်ကျွန်းက သင်္ဘောဆိပ် တရုတ်က ဆောက်ပေးသလိုမျိုးပေါ့”ဟု ပြောသည်။
ထို့အပြင် အစိုးရအနေဖြင့် ရှိနေသည့် အခွင့်အရေးကို အသုံးချကာ နိုင်ငံ၏ အကျိုးစီးပွားအတွက် ပါးပါးနပ်နပ် တောင်းဆိုတတ်ရန်လည်း လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “တရုတ်က ဒါတွေ လုပ်ချင်တယ်ဆိုတဲ့အချိန်မှာ ကျနော်တို့က လောလော ဆယ် အခု ဟိုဟာမရှိဘူးပေါ့နော်။ ကျနော်တို့ဆီမှာက သူတို့ကို ရောင်းစရာ များများစားစားမရှိဘူး သူတို့ဆီက ပစ္စည်းတွေပဲ ကျနော်တို့က ဝယ်နေရတယ်။ အဲဒီတော့ လမ်းတွေ ပေါက်သွားလို့ရှိရင် သေချာပေါက်က ဒီလမ်းကြီး တွေ သုံးပြီးတော့ ကုန်ပစ္စည်းတွေရော၊ လူတွေရော စီးဆင်းကြမယ်။ အဲဒီတော့ ကျနော်တို့က ထွက်တာက ဘာလဲ ဆိုတော့ လယ်ယာ ထွက်ကုန်ပစ္စည်းတွေပဲ ရှိတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ လယ်ယာ ထွက်ကုန်ပစ္စည်းတွေကိုတော့ ခွင့်ပြုပေးပါ။ ကျနော်တို့ ရောင်းခွင့်ပေးပါဆိုတဲ့ ဟာပေါ့နော်။ အဲဒါမျိုးကို ကျနော်တို့က တောင်းဆိုရမယ်။ ဒါက သူတို့ သိပ်ပြီးတေ့ာ အိန္ဒိယ သမုဒ္ဒရာထွက်လမ်းကို သိပ်ပြီးတော့ လိုချင်နေတဲ့ အခြေအနေမျိုး ကျနော်တို့ သဘော မတူခင်မှာ တောင်းဆိုလို့ရှိရင် အဆင်ပြေနိုင်တယ်။ သဘောတူညီချက်ရပြီး စာချုပ်တွေဘာတွေ လက်မှတ်ထိုးပြီး မှ တောင်းမယ် ဆိုရင်တော့ မလွယ်ဘူးပေါ့နော်။ ပြောချင်တာက ကျနော်တို့က တောင်းဆိုတတ်ရမှာပေါ့။ ကျနော် တို့အတွက် အခွင့်အလမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းတင်မက ထုတ်လုပ်ရေး နည်းပညာတွေ တိုးတက်ဖို့ အတွက် တောင်းဆို တတ်ရမယ်” ဟု ပြောသည်။

တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ်နေသည့် ဒေသများမှာ ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြပြီး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်- အိန္ဒိယတို့နှင့် ဆက်စပ် ဒေသများအားလုံးကို သတိထားရန် လိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
မြန်မာနိုင်ငံ အနေဖြင့် လူဦးရေ အများဆုံးရှိသည့် အင်အားကြီး နိုင်ငံများကြားထဲတွင် ရှိနေသည့်အတွက် စားသောက်ကုန်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများအတွက် ခိုင်မာသည့် စျေးကွက် ဖြစ်လာနိုင်ရန် ကြိုးပမ်း သင့်သည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံ အနေနဲ့က တကယ့်ကို လူဦးရေ အများဆုံး နိုင်ငံကြီးတွေကြားထဲမှာ နေရတယ်။ အဲဒီတော့ ဒီဟာကို သူတို့နိုင်ငံရဲ့ လူဦးရေများတာက ကိုယ့်အတွက် ဈေးကွက်ဖြစ်အောင် ကျနော်တို့က ကြိုးစားရမှာလေ။ ကျနော်တို့ နိုင်ငံက ထုတ်လုပ်နိုင်တဲ့ အဓိက,ကတော့ စားသောက်ကုန်နဲ့ လယ်ယာထွက်ကုန်ပစ္စည်းအတွက် အမာခံ ဈေး ကွက်ကြီးတွေ ရအောင် ကျနော်တို့က ပြင်ဆင်တာပေါ့။ နောက်တစ်ခုကတော့ နိုင်ငံတကာ သံတမန်ရေးရာ လောကမှာလည်းပဲ အင်အားကြီးနိုင်ငံတွေရဲ့ သဘောထား ရပ်တည်မှုကို မြန်မာပြည်က အထောက်အခံ ရအောင်လဲ ဆောင်ရွက်သွားရမှာရှိတယ်။ မြန်မာပြည်ဘက်ကတော့ စားသုံးသူ လူဦးရေအများဆုံး ဈေးကွက်ကြီး နှစ်ခု ကြားထဲမှာ မြန်မာက အလယ်တည့်တည့်မှာရှိတယ်။ အဲဒီ နှစ်နိုင်ငံတွေရဲ့ စားသုံးသူ လူဦးရေရဲ့ လိုအပ်ချက်တွေ ကို ကျနော်တို့က ထုတ်လုပ် ထောက်ပံ့တာမျိုးလည်း အဆင်ပြေတယ်။ သယ်ယူပို့ဆောင်ရေး Logistics တိုင်းမှာ လည်းပဲ မြန်မာပြည်ဟာ မဟာဗျူဟာ နေရာမှာရှိတယ်။ ဒါလည်းပဲ ကျနော်တို့အတွက် အခွင့်အလမ်း အများကြီး သာမယ်။ နောက်တစ်ချက်ကတော့ ထားဝယ်ရေနက် ဆိပ်ကမ်းလိုဟာမျိုး ပြီးပြတ်သွားပြီဆိုရင် ကျနော်တို့ ဖွံ့ဖြိုး ရေးတွေ ဒီထက် ပိုလုပ်နိုင်တယ်ပေါ့နော်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ဇုန်နေရာတောင် မြန်မာနိုင်ငံက ဖြစ်လာမယ်လို့ ကျနော်တို့က ရည်မှန်းထားတာကို အဲဒီအထိ သွားနိုင်ပါတယ်”ဟု ပြောသည်။
တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ်သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက် စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများက ထောက်ပြကြသည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
