CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်မည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် လည်း ဂရုပြုဆောင်ရွက်သွားရန်လိုသည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်မည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူများ အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကောင်းစွာသိရှိနားလည် နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လည်း လိုသည်”ဟု ပြောသည်။

မိမိတို့ အနေဖြင့် ရွေးကောက်ခံ အစိုးရဖြစ်ပြီး ပြည်သူများမှ ရွေးခြယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ ကိုယ်စား နိုင်ငံ့အကျိုးကို ထမ်းဆောင်ကြရမည့် ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု ကောင်းစွာဖြင့် တာဝန် ထမ်း ဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများ အချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက် ကွပ်ကဲအုပ်ချုပ်သွားရန်လိုကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်သူလူထုသည် အစိုးရမှ ထုတ်ပြန် သတ်မှတ်ထားသော စုံ/မ သတ်မှတ်ချက်ဖြင့် မော်တော်ယာဉ် များ မောင်းနှင်နေရခြင်းကြောင့် အခက်အခဲ အမျိုးစုံ ကြုံတွေ့နေကြရသလို နိုင်ငံ့ဝန်ထမ်းများ၏ လာဘ်ပေး လာဘ်ယူမှုကိုလည်း အားပေးအားမြှောက် ပြုရသကဲ့သို့ ဖြစ်နေကြောင်း၊ ဥပဒေ လိုက်နာကြသော ပြည်သူလူထု ကနေ ဥပဒေ ချိုးဖောက်သော ပြည်သူလူထုအဖြစ် ရောက်ရှိလာနေကြောင်း၊ ကုန်ထုတ်လုပ်မှုများ ကျဆင်းလာ ခြင်းနှင့် အလုပ်လုပ်နိုင်စွမ်းများလည်း ထိခိုက်လာကြောင်း ပြည်သူလူထုက ထောက်ပြသည်။

အလားတူ စုံ/မ သတ်မှတ်ချက်ကြောင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ထိခိုက်လာနေသလို စီးပွားရေး ကျဆင်းလာ နေသည့်အတွက် စုံ/မ သတ်မှတ်ချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်ခိုင်းခြင်းကို ပယ်ဖျက်ပေးရန် ပြည်သူလူထုက တောင်းဆိုလျက်ရှိသည်။

ရန်ကုန်မြို့နေ ကိုရန်နိုင်က “ သမ္မတက ပြောသွားတာတွေက ကောင်းပါတယ်။ ထောက်ခံတယ်။ သူ့ရဲ့ စိတ် စေတနာကို တွေ့ရတာပေါ့။ ဒါပေမယ့် အောက်ခြေမှာ ဝန်ထမ်းတွေနဲ့ အစိုးရဝန်ကြီးတွေက သမ္မတအကြိုက်ကို လုပ်ပြချင်တာနဲ့ လူထု အခက်အခဲ ဖြစ်နေတာကို လျစ်လျူရှုပြီး ထားထားတာတွေ အများကြီးရှိနေတယ်။ ဥပမာ- စုံ/မ သတ်မှတ်ချက်နဲ့ စက်သုံးဆီ ထည့်ခိုင်းတာကို လူတိုင်းလက်ခံတယ်။ ဒါပေမယ့် စုံ/မ သတ်မှတ်ပြီး မော်တော် ယာဉ် မောင်းနှင်ခိုင်းတာကျတော့ အဆင်မပြေတော့ဘူး။ အစစအရာရာ ထိခိုက်မှုတွေဖြစ်လာတယ်။ အခက်အခဲ တွေဖြစ်လာတယ်။ ပြည်သူလူထုက ဒါကို ပယ်ဖျက်ပေးစေချင်တယ်။ ဒါပေမယ့် ဝန်ကြီးတွေက ဘာမှ တိကျတဲ့ အကြောင်းပြချက်မပေးဘဲ နိုင်ငံတော် မူဝါဒဆိုတဲ့ စကားတစ်လုံးနဲ့ တောင်းဆိုမှုတွေကို ဥပေက္ခာပြုထားတယ်။ နောက်တစ်ခု ခရီးသွားတဲ့အခါ လမ်းကြောင်းတွေပေါ်မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ လူထုကို ငွေတောင်းတာ၊ လွန်လွန်ကျူးကျူးတွေ စစ်ဆေးတာ၊ အပြစ်မရှိ အပြစ်ရှာပြီးလုပ်နေတာတွေကိုလည်း ထိန်းသိမ်းသင့်တယ်။ တချို့ ဆို မှတ်ပုံတင်မှာ ပါတဲ့ မျဉ်းစောင်းနံပါတ်တွေနဲ့ မှတ်ပုံတင်ကို အသစ် ပြန်လဲထားမထားအပေါ် ကြည့်ပြီးတော့ အရပ်စကားနဲ့ပြောမယ်ဆိုရင် ရစ်နေတာပေါ့။ စိတ်အနှောင့်အယှက်ပေးတယ်၊ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာကို အနှောင့် အယှက်ပေးတာတွေရှိတယ်။ ဒါတွေကိုလည်း သေသေချာချာ ထိန်းသိမ်း ကြပ်မတ်စေချင်ပါတယ်။ သမ္မတကြီးပေါ်သလိုပေါ့ အခုက ရွေးကောက်ခံ အစိုးရဖြစ်သွားပြီး ၂၀၂၁ -၂၀၂၅ ပုံစံမဟုတ်တော့ဘူး”ဟု ပြောသည်။

လက်ရှိတွင် သွင်းကုန်ထုတ်ကုန် တင်းကြပ်မှုများ ဖြေလျှော့ပေးရန် စီးပွားရေး လုပ်ငန်းရှင်များက မျှော်လင့်နေ ကြသလို ပြည်သူလူထုများကလည်း ကုန်ဈေးနှုန်း ကျဆင်းစေရေး ကုန်စည်စီးဆင်းမှု တင်းကြပ်မှုများအား ဖြေလျှော့ပေးရန် မျှော်လင့်နေကြသည်။
အလားတူ အိမ်ခြံမြေနှင့် ကားဈေးကွက်ကိုလည်း ထိန်းသိမ်း ကြပ်မတ်ပေးရန် ပြည်သူလူထုက တောင်းဆိုလျက် ရှိသည်။