CNI International News
ရီးယာ့ဒ်၊ ဇန်နဝါရီ ၈
ယီမင်နိုင်ငံ တောင်ပိုင်းခွဲထွက်ရေးအဖွဲ့ဖြစ်သည့် (STC) အဖွဲ့ခေါင်းဆောင် အီဒါရုစ် အယ် ဇူဘာအီဒီ (Aidarous al-Zubaidi) သည် ထွက်ပြေး တိမ်းရှောင်နေကြောင်း STC အဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဇူဘာအီဒီသည် ယီမင်တောင်ပိုင်း ခွဲထွက်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် ပြဿနာကို အဖြေရှာရန် ဆော်ဒီ နိုင်ငံ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိဘဲ ရီးယာ့ဒ်သို့ ရောက်ရှိ နေသည့် STC ကိုယ်စားလှယ် အဖွဲ့နှင့်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။
ယီမင်တောင်ပိုင်းတွင် STC အဖွဲ့၏ ခွဲထွက်ရေး လှုပ်ရှားမှုများကြောင့် ယီမင်၏ ပြိုင်ဘက်အဖွဲ့များကို ထောက်ခံ ပေးထားသည့် ပင်လယ်ကွေ့ အင်အားကြီး နိုင်ငံများဖြစ်သည့် ဆော်ဒီနှင့် ယူအေအီးကြား တင်းမာမှုများ မြင့်တက် ခဲ့သည်။

ယီမင်နိုင်ငံအတွင်းက လက်နက်ကိုင်တွေကို တွေ့ရစဉ်
ထို့ကြောင့် ယီမင်တွင် အီရန်က ထောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့ကို တိုက်ခိုက်နေသော ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများကိုလည်း ဖြစ်ပွားစေခဲ့သည်။
ယူအေအီးနိုင်ငံသည် ယီမင်တွင် တောင်ပိုင်းခွဲထွက်ရေးအဖွဲ့ဖြစ်သည့် STC ကို ထောက်ခံပေးပြီး ဆော်ဒီကမူ နိုင်ငံတကာ အသိအမှတ်ပြုထားသည့် ယီမင်အစိုးရကို ထောက်ခံပေးထားသည်။
ယခင်က STC နှင့် နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရအဖွဲ့ကြား ဆက်ဆံရေး ကောင်းမွန်ပြီး ယီမင်အစိုးရ အဖွဲ့ထဲတွင် STC ခေါင်းဆောင် ဇူဘာအီဒီကို ဒုသမ္မတအဖြစ် ခန့်အပ်ထားသည်။
ထို့နောက် STC ၏ ခွဲထွက်ရေး လှုပ်ရှားမှုများကြောင့် ယီမင်အစိုးရအဖွဲ့နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ သည်။
ယခုအခါတွင် ဇူဘာအီဒီသည် အဆက်အသွယ် မလုပ်ဘဲ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းအား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အစိုးရအဖွဲ့ထဲမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက ထုတ်ပြန် ခဲ့သည်။
လက်ရှိအချိန်အထိ ဇူဘာအီဒီသည် မည်သည့် နေရာသို့ ထွက်ပြေး တိမ်းရှောင်နေသည် ဆိုခြင်းကိုမူ မသိရ သေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
