CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဆက်လက် တင်မြှောက်ခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် RCSS က ထုတ်ပြန်ခဲ့သည်။

RCSS/SSA ၏ (၂၆)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆-၁၇ ရက်များတွင် လည်းကောင်း၊ စတုတ္ထအကြိမ်မြောက် ကောင်စီကွန်ဂရက်အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း‌ ကောင်း လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးယွက်စစ်အား ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ပြီး အကြံပေးအဖွဲ့ဝင် ၂ ဦးကိုလည်း ခန့်အပ်ခဲ့သည်။

ထို့ပြင် ပေါ်လစီကြီးကြပ်ရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဌာနအသီးသီး ဌာနမှူးများအား ရွေးချယ် အတည်ပြုခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ လာမည့် ၄ နှစ်တာ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း RCSS/SSA က ထုတ်ပြန်ခဲ့သည်။

RCSS/SSA က “မိမိတို့ အဖွဲ့အစည်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်၍ နိုင်ငံရေး ပြဿနာများအား ဆွေးနွေးခြင်း နည်းလမ်းဖြင့် အခြား အဖွဲ့အစည်းများ၊ အဖက်ဖက်တို့နှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းသွားမည်။ စစ်ဘေး ဒဏ်ခံ ပြည်သူများ နေထိုင်ရန် အိမ်ရာများကို မိမိတို့ အဖွဲ့အစည်းမှ ကူညီဆောက်လုပ်ပေးမည်။ အဖွဲ့အစည်း၏ ပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်”ဟု ပြော သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် RCSS/SSA ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကတည်းက တာဝန်ယူခဲ့ရာ ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံ တင်မြှောက်ခံခဲ့ရသည်။

လက်ရှိတွင် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ထိုးထားသလို ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)လည်း ထိုးထားသည်။