CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

နယ်မြေများအား ကျော်လွန်ကာ သိမ်းပိုက်ရရှိထားကြသော တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြရာတွင် သက်ဆိုင်ရာ လူမျိုးနှင့် အဖွဲ့အစည်းအတွက် လိုအပ် သည့် အတိုင်းအတာ ပမာဏကိုသာ ပြောဆိုလျှင် ကောင်းမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများကြား ပိုမိုကြီးမား ကျယ်ပြန့်လာ သည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစု များသည် မူလရှိနေသည့် နေရာများထက် ကျော်လွန်ကာ နယ်မြေအများအပြားကို သိမ်းပိုက်ရရှိထား ကြသည်။

ထိုကိစ္စအား ဖွဲ့စည်းပုံအခြေခံဥပဒေ သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော် ဖြေရှင်းခြင်းဖြင့် လည်းကောင်း၊ နိုင်ငံရေးလိုလားချက်အရ သမိုင်းကြောင်း၊ လူဦးရေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု လွှမ်းခြုံ သည့် ဧရိယာတို့ကို အခြေခံကာ ချဉ်းကပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဥပမာ နယ်မြေသိမ်းပိုက်ထားတိုင်း ငါတို့နေရာလို့ ပြောရတော့ ခက်တာပေါ့နော်။ သမိုင်း ကြောင်း အရ သူတို့နဲ့ မသက်ဆိုင်တဲ့နေရာဆိုရင်တော့ ဒီဟာကတော့ ပြန်ပြီး သေချာပြောရမယ်၊ သူ့ နေရာနဲ့သူ ပြန်နေရမယ့် အနေအထားတွေရှိတယ်။ ဒါပေမယ့် တချို့ကြတော့ လိုအပ်လို့ ပေးရတာတွေ လည်း ရှိတယ်။ အဲဒီတော့ အဲဒါတွေကတော့ အတိုးအဆုတ်၊ အပေးအယူတွေတော့ ဖြစ်လာမယ်ထင် တယ်။ ဒါပေမယ့် တချို့ လုံးဝ မလိုလားအပ်တဲ့ တောင်းဆိုမှုကြတော့လည်း မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒါ ကတော့ သက်ဆိုင်ရာ State Holder တွေနဲ့ဆိုင်တယ်။ နောက်တစ်ခါ သက်ဆိုင်ရာ institution ပေါ့ အခုဆို လွှတ်တော်ပေါ်လာပြီ။ Legitimacy Body ပေါ်လာပြီပေါ့။ ပေါ်လာပြီဖြစ်တဲ့ အတွက်ကြောင့် ဒီ လွှတ်တော်မှာ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို စဉ်းစားချက်ရှိမလဲ၊ နောက် သက်ဆိုင်ရာ နိုင်ငံရေး institution တွေမှာ ပါဝင်တဲ့ ဆုံးဖြတ်နိုင်သော သူများပေါ့။ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပြီး အမျှော်အမြင် ရှိမှုအပေါ်မှာ မူတည်ပါတယ်။ ဟိုဘက်ကလည်း ဒီလိုပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့  အတွက်ကြောင့် မို့လို့ မိမိလူမျိုးနဲ့ မိမိအဖွဲ့အစည်းအတွက် လိုအပ်တဲ့ အတိုင်းအတာ ပမာဏကိုပဲ ပြောကြဆိုကြတာ ကောင်းတယ်။ ကျနော့် အနေနဲ့တော့ အဲဒီလိုမြင်တယ်။ အဲဒါကြမှ ငြိမ်းချမ်းရေး  ဆွေးနွေးတာ ထိ ရောက်မယ်။ ငြိမ်းချမ်းရေးဆိုတာ နံပါတ်တစ်ကတော့ အပေးအယူပဲလေ။ ကိုယ်ချည်းပဲ ယူလို့လည်း မရဘူး။ ပေးလို့လည်းမရဘူး။ ယူတာလည်း ရှိမှာဖြစ်သလို ပေးတာလည်း နိုင်ငံရေးအရ အခွင့်အလမ်း တွေ ပေးရတာလည်းရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီမှာ ပါဝင်ပတ်သက်သူတွေရဲ့ အမျှော်အမြင်နဲ့ပဲ ဆိုင် ပါတယ်။ ကိုယ်တိုက်ထားတဲ့ နယ်မြေ ကိုယ်ရတယ် ဆိုလို့တော့ အဆင်မပြေဘူးပေါ့နော်။ အဲဒီလိုမျိုး လေးတွေတော့ ရှိပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်

EAOs အားလုံးနီးပါး၏ အဓိက အကျဆုံးသော သဘောထားသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန်ဖြစ်ပြီး ဗဟိုကချုပ်ကိုင်သည့် စနစ်အစား မိမိတို့ ဒေသကို မိမိတို့ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်ရေးစနစ်ကို လိုလားကြသည်။

အချို့လက်နက်ကိုင်များသည် ဖက်ဒရယ်ထက် ကျော်လွန်ကာ စဉ်းစားလာနေမှုများလည်းရှိပြီး ဖက်ဒရယ်ထက် ပိုမိုမြင့်မားသည့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း သို့မဟုတ် လက်တွေ့ကျကျ လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဦးတည်လာကြသည်။

ထို့ပြင် အဓိက အင်အားကြီး EAOs အများစုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြု တော့ဘဲ ဖက်ဒရယ်ပဋိညာဉ် အသစ်ကိုသာ ဦးတည် လုပ်ဆောင်နေကြသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ယခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကို ယုံကြည် ခဲ့သည့် အဖွဲ့အချို့သည်လည်း လက်ရှိတွင် NCA ပျက်ပြယ်သွားပြီဟု ယူဆထားကြသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် EAOs အများစုအနက် အထူးသဖြင့် KNU, KIA, KNPP, CNF နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့(MNDAA-AA-TNLA)တို့သည် NUG-PDF တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာ ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

ထိုသို့ နယ်မြေကျော်လွန်ကာ သိမ်းပိုက်ထားမှုများအား မည်ကဲ့သို့ ဆုံးဖြတ်ပေးမည်ကို အစိုးရအနေဖြင့် ပိုမို စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဖက်ဒရယ်စနစ်ကို နားလည်ပါက မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် မတူသည့် ဖွဲ့စည်းပုံနှင့် ဖက်ဒရယ်စနစ် ဖြစ်ကောင်းဖြစ်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက်တစ်ခုက TNLA တို့၊ ကိုးကန့်တို့ MNDAA တို့ကြတော့ အခြေခံဥပဒေမှာ ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထက် သူတို့က ကျော်ပြီးတော့ သိမ်းထားတယ်။ အဲဒါတွေကို ရော ကျနော်တို့ ဘယ်လိုဆုံးဖြတ်မှာလဲ။ အဲဒီကိစ္စတွေ ဘယ်လိုဆုံးဖြတ်မှာလဲ။ ကျနော်တို့ အဲဒီနယ်မြေ တွေကို ဒေသခံ ပြည်သူလူထုရဲ့ Referendum ပေါ့နော် ဆန္ဒခံယူပွဲနဲ့ပဲ ဘယ်ဘက်ပါမှာလဲ ဆိုတဲ့ဟာမျိုး ဆုံးဖြတ်မှာလား။ နောက်အစိုးရက ပိုပြီးစဉ်းစားထားရမယ့်ကိစ္စ။ ဘာကြောင့်တုန်းဆိုတော့ NCA လက်မှတ်ထိုးပါမယ်ဆိုရင် ထိုးပြီးတာနဲ့ တိုက်လို့မရတော့ဘူး။ အပစ်ရပ်စဲ ထားရမှာလေ။ အပစ်ရပ်စဲ ထားပြီး ကျန်တဲ့ကိစ္စတွေကို ကျနော်တို့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြရမှာ။ အဲဒီတော့ ပြောချင်တာက တော့ နှစ်ဖက်စလုံးက ဖက်ဒရယ်စနစ်ကိုတော့ သေသေချာချာ နားလည်ထားဖို့ လိုတယ်။ အဲဒီ နားလည်ထားတဲ့အောက်မှာ ကျနော်တို့နိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူတဲ့ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်စနစ် ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် EAOs များအကြား သဘောထား ကွဲပြားလျက်ရှိပြီး စစ်ရေးအရ အောင်ပွဲရမှသာ နိုင်ငံရေး အရ ဆွေးနွေးမည်ဟု သဘောထားသည့် အုပ်စုနှင့် ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးများ ဖြစ်မြောက် ကာ မြန်မာ့နိုင်ငံရေးပြဿနာ ချုပ်ငြိမ်းရန် လိုလားသည့် အုပ်စုဟူ၍ ဖြစ်သည်။