CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖက်ဒရယ်ကို သွားမည်ဆိုပါက ဖက်ဒရယ်ပုံစံမကျသည့် တိမ်းညွတ်မှုအစွဲများအား ဖျက်သင့်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဖက်ဒရယ်ဟု အားလုံးက အော်နေကြသော်လည်း လက်တွေ့တွင် ဖက်ဒရယ်ပုံစံကျကျ မစဉ်းစားဘဲ အစွဲမကျွတ် သည့် ဖက်ဒရယ်တိမ်းညွတ်မှုများ ဖြစ်နေကြကြောင်းလည်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဖက်ဒရယ်လမ်းကြောင်းက အားလုံးလိုချင်တဲ့ လမ်းကြောင်းဖြစ်တော့ လွယ်တော့ မလွယ်ဘူး။ သို့သော် ခက်လည်း မခက်ဘူး။ ဘာလို့ဆို ဆန္ဒသာရှိရင် နည်းလမ်းလည်း ရှိပါတယ်ဆိုတဲ့ အင်္ဂလိပ် စကားပုံလိုပေါ့။ ဒါကြောင့် ဆန္ဒတကယ်ရှိဖိုတော့လိုတာပေါ့။ အခုက ဖက်ဒရယ်လို့ အကုန်လုံးအော်ကြတယ်။ အုပ်ချုပ်တဲ့ လူဘက်ကရော၊ တော်လှန်တဲ့လူဘက်ကရော။ ဒါပေမယ့် ဖက်ဒရယ်ပုံစံကျကျကို မစဉ်းစားဘဲနဲ့ ဖက်ဒရယ် တိမ်းညွတ်မှုလို့ခေါ်တာပေါ့ လွတ်လပ်ရေးတို့၊ ကွန်ဖက်ဒရေးရှင်းတို့ခေါ်တဲ့ ပုံစံတို့ကို တိမ်းညွတ်သွားတဲ့ ဖက်ဒရယ်ပုံစံကို ကြိုက်တဲ့သူနဲ့ တစ်ပြည်ထောင်စနစ်ကို တိမ်းညွန့်တဲ့ ဖက်ဒရယ်စနစ်နဲ့ အဲဒီဖက်ဒရယ် တိမ်းညွတ် မှုတွေကိုက အစွဲမကျွတ်ဘူး ဖြစ်နေတယ်။ တကယ်တော့ ဖက်ဒရယ်တိမ်းညွတ်မှုတွေကို ဖျက်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တကယ့်ရင်ထဲအသည်းထဲက လိုချင်တယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး” ဟု ပြော သည်။
ပြည်ထောင်စု တိုင်းရင်းသားများကိုတွေ့ရစဉ်
အာရက္ခတပ်တော်(AA)သည် “ဝ”ထက် မနိမ့်သော နိုင်ငံရေးအဆင့်အတန်းဖြစ်သည့် ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြားလွတ်လပ်ရေး အဆင့်အတန်းမျိုးကို ရလိုကြောင်း ပြောကြားထားသလို TNLA ကလည်း ပလောင်ပြည်နယ် သို့မဟုတ် နိုင်ငံတစ်ခုဖြစ်တည်လာပါက အဆင်သင့်ပြင်ထားရန် ပလောင်လူမျိုးများကို တိုက်တွန်းထားသည်။
အလားတူ KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားလက်နက်ကိုင်များသည် ၂၀၂၅ တွင် ဖက်ဒရယ်ထက် ကျော်လွန်သော စဉ်းစားချက်များကို တောင်းဆိုလာကြလိမ့်မည်ဟု ပြောကြားထားသည်။
မြန်မာနိုင်ငံ အနေအထားအရ ဖက်ဒရယ်စနစ်သို့ သွားမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နောက်ဆုတ်ပေးမှ ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဖက်ဒရယ်မူနှင့် ဆန့်ကျင်မှုများ အများအပြား ရှိနေသည့်အပြင် ဖက်ဒရယ် နိုင်ငံများ၏ အမျိုးသားနိုင်ငံရေး၌ စစ်တပ် ပါဝင်နေခြင်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖက်ဒရယ် စနစ်ကို သွား၍မရကြောင်း ၎င်းတို့က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာနေစဉ်
ပင်လုံစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းကတည်းက ယနေ့အထိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အနာတခြား ဆေးတခြား ဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အနာနှင့်ဆေး တည့်အောင် ဝိုင်းဝန်းကြိုးစားရန်လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးခွန်းဆိုင်က “မကြာခင်လည်း ပြည်ထောင်စုနေ့လည်း ရောက်လာတော့မှာကို။ ပြည်ထောင်စုနေ့ဆိုတာ ပင်လုံ စာချုပ်ဖြစ်လာတယ်။ ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေအရ အားလုံးက သဘောတူ လက်ခံခဲ့ တာဟာ ဒီနိုင်ငံဟာ ဖက်ဒရယ်နိုင်ငံ ဖြစ်ရမယ်ဆိုပြီး လက်ခံခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးပြီးတော့မှ။ ဒါပေမယ့် တကယ်တမ်း လုပ်တဲ့အခါမှာ ဖက်ဒရယ်နိုင်ငံ မလုပ်ဘဲနဲ့ တစ်ပြည်ထောင်နိုင်ငံ လုပ်ခဲ့တယ်။ အဲဒါသည် အနာတခြား၊ ဆေးတခြားနဲ့လုပ်ခဲ့တာ။ ပြည်ထောင်စုလိုတော့ခေါ်တယ် တကယ်တမ်းကြ တစ်ပြည်ထောင် ဖြစ်တယ်။ ဒါဦးချန်ထွန်း ပြောခဲ့သလိုပါပဲ ကျနော်တို့နိုင်ငံဟာ သီအိုရီအရတော့ ဖက်ဒရယ်ဖြစ်တယ်။ လက်တွေ့ အရတော့ တစ်ပြည်ထောင် ဖြစ်တယ်ဆိုတာ။ သူပြောကတည်းက အခုထိက အဲဒီအတိုင်းပဲဖြစ်နေတယ်။ အနာတခြား၊ ဆေးတခြားဖြစ်နေတယ်။ ဒီနှစ်မှာတော့ အနာနဲ့ဆေးနဲ့ တည့်အောင် ဝိုင်းဝန်းကြိုးစားဖို့လိုပြီလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား နောက်ဆုတ်ပေးရန်မှာ စစ်ရေးနှင့် နိုင်ငံရေး ညှိနှိုင်းမှု အပေါ်တွင်သာ မူတည်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်သည် အားလုံးလိုချင်နေသည့် လမ်းကြောင်းဖြစ်၍ မလွယ်ကူသော်လည်း မခက်ခဲကြောင်း၊ အဓိကမှာ အမှန်တကယ်သွားလိုသည့် ဆန္ဒရှိကြရန်သာလိုကြောင်း ၎င်းတို့က သုံးသပ်ကြသည်။