CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃

နစကသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)အား အာဏာအပ်မည်ဆိုလျှင် ကာ/လုံ အနေဖြင့် ရွေးကောက်ပွဲကို ၂ ကြိမ်ခွဲ၍ ကျင်းပနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။

မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အား မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အခြေခံဥပဒေအရ ‌နစကသည် ကာ/လုံအား အာဏာအပ်လျှင် ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲအား ၂ ကြိမ်ခန့် ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ဒေါက်တာအေးမောင်က “၂၀၂၅ လာမယ့် ဇန်နဝါရီ ၃၁ မှာ နစက အသွင်ပြောင်းမှာလား၊ ၆ လ ၂ ကြိမ် လာမှာ လားပေါ့၊ နစကဘက်က ချင့်ချိန်မှာပေါ့၊ နိုင်ငံရေးအားဖြင့် ဘယ်လိုထွက်ပေါက် ပေးမှာလဲ၊ ဆိုတဲ့အခါကျတော့ ၆ လအတွင်းမှာ အခြေခံဥပဒေအရ ရွေးကောက်ပွဲကြီးကို နစကသည် ကာ/လုံကိုအပ်တာနဲ့ ကာ/လုံသည် ၆ လ အတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပါတာပေါ့၊ ၆ လအတွင်းမှာ မပြီးခဲ့ရင်ရော ကမ္ဘာကိုပြောထားတဲ့ ကတိပေါ့ဗျာ၊ ၂၀၂၅ မှာ ရွေးကောက်ပွဲကြီး လုပ်မယ်လို့ ပြောတာပေါ့၊ အဲတာကြောင့်လည်း သူ့ဘက်က ကြိုတင် ပြင်ဆင်မှု လုပ်နိုင်တဲ့ အနေအထား ဆိုရင်တော့ဖြင့် လာမယ့် နိုဝင်ဘာလထက် ၁၉၉၀ မှာလည်း လုပ်ခဲ့တဲ့ မေလ ကို ခန့်မှန်းဖို့ ပထမဖြစ်လာတာပေါ့၊ အဲတော့ ၃၁ ဇန်နဝါရီမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အပ်မှာလား၊ တစ်ခုက ခုနကပြောတဲ့ ရွေးကောက်ပွဲကြီးကို ၆ လအတွင်း မပြီးမြောက် နိုင်ခဲ့ရင်ရော ဆိုတာကို စိုးရိမ်ရင် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့စတဲ့ ကာလကို ကာ/လုံကို အပ်နိုင်တာပေါ့၊ အဲတော့ အဲဒီ ၆ လမှာ ရွေးကောက်ပွဲ ၁ ကြိမ်လုပ်နိုင်မှာလား၊ ဒါကတော့ နစကသည် သူ့ဟာသူ ကြိုတင်ပြင်ဆင် နိုင်တာပေါ့ဗျာ၊ အဲတော့ အခြေခံဥပဒေ အရလည်း ကာ/လုံသည် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမယ်ပဲပါတာ၊ တစ်ကြိမ်ထဲနဲ့ ပြီးအောင် လုပ်ရမယ်လို့ သတ်မှတ်ထားတာ မရှိတော့ ကာ/လုံသည် ၂ ကြိမ်လောက် သွားနိုင်တာပေါ့” ဟု ပြောသည်။ 

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။ 

သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိသေးပေ။

၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအား နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များအား ဖိတ်ခေါ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အတူ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား စောင့်ကြည့်လေ့လာခွင့် ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်

လက်ရှိတွင် နစကသည် သက်တမ်း ထပ်တိုးနိုင်ကြောင်း၊ ‌ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါကလည်း ဇူလိုင်လ မကုန်ခင် ကျင်းပရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်းဆိုင်က “ကြားသိရသ‌လောက်ကတော့ ကာ/လုံကို အာဏာအပ်မယ်လို့ မကြားသိရသေးဘူး၊ ဖြစ်နိုင်တာတွေ က သူက သက်တမ်းထပ်တိုးမယ်၊ သက်တမ်းတိုးပြီးတော့မှ ၆ လ မပြည့်ခင်မှာပဲ ကာ/လုံကို အာဏာပြန်အပ်လို့ ရတယ်လို့ ပြောပါတယ်၊ ၆ လပြည့်မှ ကာ/လုံကိုအပ်တာ မဟုတ်ဘူး၊ မပြည့်ခင်ထဲက အပ်လို့ရတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူကဒီ ကြားသိရသလောက် ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို တတိယ ၃ လပတ်မှာ ကျင်းပမယ်လို့ သတင်းရှိတယ်ပေါ့ဗျာ၊ အဲဒီတော့ တတိယ ၃ လပတ်ဆိုတဲ့ အခါကျတော့ ဇူလိုင်ကနေ စက်တင်ဘာပေါ့နော်၊ အဲသလိုဖြစ်တယ် တကယ်လို့သူတို့ ဒီတိုင်းလုပ်မယ်ဆိုရင် နေ့စွဲအတိအကျတော့ မသိရဘူး၊ တတိယ ၃ လပတ်မှာ သူတို့ ကျင်းပမယ် ဆိုလို့ရှိရင် အနည်းဆုံး ၂ လ ကြိုတင်ပြီးတော့မှ ကြေညာရမှာပေါ့၊ ဒီလိုဆိုလို့ရှိရင် သူတို့သက်တမ်းတိုးလို့ရတယ်၊ မတိုးချင်လည်း ရတယ်၊ ဒါပေမယ့် တကယ်လို့ လုပ်မယ်ဆိုလို့ ရှိရင်လည်း သူက ဇူလိုင်လ မကုန်ခင်ကတည်းက ရွေးကောက်ပွဲ ကျင်းပရမှာလေနော်၊ ရိုးရိုး လွတ်လွတ်ကျွတ် ကျွတ် ပြောမယ်ဆိုလို့ရှိရင် သူတို့အခု လောလောဆယ်ကတော့ ဆက်ကိုင်ထားဖို့ ရှိတယ်လို့ပဲ မှန်းရပါတယ်ဗျ” ဟု ပြောသည်။

နစကအနေဖြင့် ရွေးကောက်ပွဲအား ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲများ စတင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တွင် တိုက်တွန်းထားကြသည်။

တရုတ်အစိုးရကတော့ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆန္ဒပြုကူညီနိုင်မည်ဟု ပြောကြားထားသလို ရုရှားနိုင်ငံကလည်း ရွေးကောက်ပွဲကို ကူညီမည့်အကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့ သည်။