CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ၏ ပြောဆိုမှု စကားလုံးများအား သုံးသပ်ကြည့်ပါက ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်ရန် အလားအလာ အင်မတန်နည်းကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။ 

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့သော နစကဥက္ကဋ္ဌအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာတွင် ပြောကြားထားခဲ့ခြင်းဖြစ်သည်။

SNLD မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က “ရွေးကောက်ပွဲကတော့ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးပေါ့။ သူ့ရဲ့စကားလုံးတွေကို သေချာသုံးသပ်ကြည့်မယ်ဆိုရင် ချက်ချင်းလက်ငင်းပဲ လုပ်မလိုပြောတယ်။ နောက်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလုပ်နိုင်လောက်တော့ဘူး။ အပိုင်းလိုက်ပဲလုပ်မယ်လို့ ထပ်ပြောပြန်တယ်။ နောက် တစ်ခါ ဒီရက်ပိုင်းမှာ ထပ်ပြောတာက တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှသာ လုပ်နိုင်မယ်ဆိုတာမျိုး ဖြစ်ပြန်ရော။ ဆိုတော့ သူကိုယ်တိုင်က ရွေးကောက်ပွဲအပေါ်မှာ သိပ်ပြီး လိုလိုလားလားရှိတဲ့ ပုံမပေါ်ဘူး။ အကယ်၍ လုပ်ဖြစ်ခဲ့ ရင်တောင်မှပဲ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာမယ့် အခင်းအကျင်းကို သူ့အနေနဲ့ သေချာရေရာတဲ့ အနေအထားမျိုး မရှိလောက်ဘူးလို့ တွက်ကောင်းတွက်ပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ တော်လှန်ရေး အခြေအနေ၊ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှု အစစသော ကိစ္စတွေကို ခြုံပြီးပြောရရင် ရွေးကောက်ပွဲဖြစ်ဖို့ အလားအလာ အင်မတန်နည်းတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

 နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲ များ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသည် နယ်မြေအလိုက် အာဏာရရှိရေး တည်ဆောက်နေ သည့်အတွက် စစ်ပွဲကိုဆက်တိုက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ဗထူးဗိုလ်လောင်းသင်တန်း အခမ်းအနားမှာ ပြောကြားခဲ့သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် စစ်ရေး ပဋိပက္ခများ ပိုမို ကျယ်ပြန့် များပြားလာနေသည့်အတွက် တစ်နိုင်ငံလုံးတည်ငြိမ်ရေးကို နစကအနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လျက်ရှိကြသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတကာ သံတမန်များနှင့် ပြည်သူလူထုအပေါ် ကတိကဝတ်ပြု ပြောဆိုထားခြင်း ဖြစ်သော်လည်း မည်သည့်ကာလတွင် ပြုလုပ်မည်ကို မသိရှိရသည့်အတွက် ခန့်မှန်း သုံးသပ်ရ ခက်စေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်

ဦးခွန်းဆိုင်က “နေပြည်တော်ဘက်ကနေ စကားကို တစ်ခါတစ်မျိုး မတူကြဘူး ပြောတာပေါ့။ အစတုန်းကတော့ ၂၀၂၅ မှာလုပ်မယ်လို့ ပြောတာရှိတယ်။ ဒါကတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် နောက်ပိုင်းကြတော့ ဒီဇင်ဘာလ တုန်းက ဘန်ကောက်မှာ အိမ်နီးနားချင်း နိုင်ငံတွေ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်မှာ လုပ်တဲ့အခါကြတော့ ထိုင်းဘက်က အဆိုပြုတယ်။ ဗမာဘက်က ပြောတာတော့ ရွေးကောက်ပွဲကို တတိယ ၃ လပတ်အတွင်း လုပ်မယ် လို့ ပြောသွားတယ်ပြောတယ်။ ဒါပေမယ့် အပြင်မှာကြားနေရတာက ဒီ ၃ လပတ်လည်း မကြားရဘူး။ ဘယ်အချိန် လုပ်မယ်ဆိုတာလည်း မကြားရဘူး။ တချို့ကလည်း နိုဝင်ဘာလ ၉ ရက်လောက်မှာ ဖြစ်မယ်လို့ ပြောနေတာလည်း ရှိတယ်။ နောက်ဆုံးကြတော့ ကြားသိရတာကတော့ လုပ်တော့လုပ်မယ်၊ ဘယ်တော့ လုပ်မယ်ဆိုတာ မသိဘူးလို့ ကြားရတယ်” ဟု ပြောသည်။

နစကနှင့် နီးစပ်သူများကတော့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၏ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကျင်းပနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အာဏာလွှဲပြောင်းမှု လုပ်လာနိုင်ကြောင်း ပြောဆိုနေကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ သာမန်မဟုတ်သော ကာလဟုဆိုကာ အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးခဲ့ သည်။

ထို့နောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုလာသည့်တိုင် ကျင်းပမည့် နေ့ရက်အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။