CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်သည့် ပင်တဂွန် (Pentagon)က လာမည့် သီတင်းပတ်မှစပြီး အစမ်းခန့် ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်မှ ဖယ်ရှားခဲ့ကြောင်း The Guardian မှ ဖော်ပြခဲ့သည်။

ထို့နောက် အရပ်ဖက် ဝန်ထမ်းအင်အားကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့ချမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။

အရပ်ဖက် ဝန်ထမ်းများကို လျှော့ချပြီးပါက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မူဝါဒများနှင့်အညီ စစ်တပ်၏ ဝန်ထမ်းအင်အား လိုအပ်ချက်ကို လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝန်ထမ်းများ အသစ်ခန့်ထားမှု ရပ်နားထားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာ လက်ထောက်ဝန်ကြီး ဒါရင် ဆဲလ်နစ် (Darin Selnick) က ပြောကြားခဲ့သည်။

“သမ္မတကြီးရဲ့ ဦးစားပေး ကိစ္စတွေနဲ့ပတ်သက်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်လည် အာရုံစိုက်သွားမှာဖြစ်ပြီး အချိန်တိုတိုနဲ့ ခရီးရောက်စေဖို့အတွက် အရပ်ဖက် ဝန်ထမ်းအင်အားကို ၅ ရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းအထိ လျှော့ချ သွားမှာပါ”ဟု ဆဲလ်နစ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး စီကျူ ဘရောင်း ဂျူနီယာကိုတွေ့ရစဉ်

အလွန်အရေးကြီးသည့် အလုပ်တာဝန်များကို မထမ်းဆောင်ရသည့် ဝန်ထမ်းများအား ဆက်ပြီး အလုပ်ခန့် ထား ခြင်းသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ကောင်းမွန်ခြင်း မရှိကြောင်း၊ ထို့ကြောင့် အောက်ခြေမှစပြီး ပိုလျှံ ဝန်ထမ်းများကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဖက်ဝန်ထမ်းများကို လျှော့ချမည့် ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ထရမ့်က လက်ရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး စီကျူ ဘရောင်း ဂျူနီယာ (CQ Brown Jr) ကို ရာထူးမှ ဖယ်ရှားခဲ့သည်။

လာမည့် သီတင်းပတ်တွင် ပင်တဂွန်၏ ကနဦးအဆင့် ဝန်ထမ်းအင်အား လျှော့ချမှုသည် ကာကွယ်ရေးဝန်ကြီးဌာ န၏ အလုပ် စုစုပေါင်း ၅၀,၀၀၀ ခန့်ကို လျှော့မည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် အမေရိကန်တွင် အကြီးဆုံး အစိုးရအေဂျင်စီဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရရှိသည့် အချက်အလက်များအရ ပင်တဂွန်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဝန်ထမ်းပေါင်း ၇၀၀,၀၀၀ ကျော်ရှိသည်။

ယခုအခါတွင် အရပ်ဖက် ဝန်ထမ်းအင်အား ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအကြား လျှော့ချမည်ဖြစ်သဖြင့် အရေအတွက်အားဖြင့် အရပ်ဖက် ဝန်ထမ်း ၃၅,၀၀၀ မှ ၆၀,၀၀၀ အထိ လျှော့ချခံရမည်ဖြစ်သည်။

ဝန်ထမ်းအင်အား လျှော့ချမည့် စာရင်းတွင် စစ်ယူနီဖောင်း ဝတ်စရာမလိုသည့် စစ်တပ်၏ ရုံးထိုင် ဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

Source: The Guardian