CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ဖက်ဒရယ်နှင့် ဒီမိုကရေစီအား ပိုကောင်းသည့် ပုံသဏ္ဍန် ဖော်ဆောင်နိုင်ရန် ပါတီများအချင်းချင်း ကြိုတင်ညှိနှိုင်း ထားရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီအား စည်းရုံးရေးအတွက်သာ ပြောဆို အသုံးပြုနေကြသောကြောင့် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအား ယုံကြည်မှုလျော့နည်း လာနေကြောင်း ထောက်ပြပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့ ပြောဆိုနေမှုများအား ဖြေရှင်းချက်တစ်ခုအရ ပြောရမည်ဆိုလျှင် လက်ရှိတွင် နိုင်ငံရေးပါတီများနှင့် NSPNC တို့ ညှိနှိုင်းနေကြပြီး သဘောတူညီချက်များ ရထားသော်လည်း လွှတ်တော်ခေါ်ယူပြီးမှသာ ပြင်ဆင်၍ ရမည်ဖြစ် သောကြောင့် ချက်ချင်းလုပ်ဆောင်ရမည့် အရာမဟုတ်သေးကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီများနဲ့ NSPNC တွေ့ဆုံဆွေးနွေးစဉ်

၎င်းက “အဓိကကတော့ ဖက်ဒရယ်နဲ့ဒီမိုကရေစီက ကြားကောင်အောင်ပဲ ပြောနေကြတယ်၊ တကယ့်ကို လက်တွေ့ ကျင့်သုံးမှုလည်း မရှိဘူးဆိုတဲ့ဟာကပေါ့နော် ရှေ့မှာတွေလည်း ပြောခဲ့ပြီးသား ရှိတာပေါ့၊ အဲပေါ်မှာ ကတော့ Solution တစ်ခုအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီ NSPNC နဲ့ ညှိနှိုင်းနေတဲ့ဟာပေါ့နော်၊ အခုလောလောဆယ် အထိကိုက ၄၃ ချက် သဘောတူညီချက် ရထားတာ ရှိတယ်ပေါ့လေ၊ အဲဒီ ၄၃ ချက်ထဲမှာ အဓိက ဘာပါပါလဲဆိုတော့ ၂၆၁ ပေါ့၊ ဒီနောက်လာမယ့်ဟာ ဆိုလို့ရှိရင် ဒါနဲ့ပတ်သက်တဲ့ ဆက်စပ်ပုဒ်မတွေ အားလုံးကို ပြင်ဆင်ဖို့လည်း ဆက်လုပ်နေတာပေါ့၊ ဒါပေမယ့် တစ်ခုရှိတာက ဒီဥစ္စာက NSPNC နဲ့ ကျနော်တို့နဲ့ နိုင်ငံရေးပါတီ အလုပ်အဖွဲ့နဲ့ သဘောတူညီထားတယ် ဆိုတဲ့ထဲမှာတောင် ဘာပါလဲဆိုတော့ လာမယ့်လွှတ်တော်မှာ ဒီဥစ္စာတွေသည် သဘောတူညီပြီးသွားပြီ၊ အဲအချိန်ကျလို့ရှိရင် ဒီအချက်တွေကို တင်သွင်းတဲ့အခါမှာ အခုသဘော တူညီချက်အတိုင်း တပ်မတော်သား ကိုယ်စားလှယ်တွေက သဘောတူပါတယ် ဆိုတဲ့ဟာပေါ့၊ ဒါပေမယ့် ဒါက လွှတ်တော်ခေါ်ယူပြီးမှ ပြင်ဆင်လို့ရမယ့်ဟာ ဖြစ်နေတာပေါ့၊ ကျနော်တို့ ချက်ချင်း Practice(လက်တွေ့) လုပ်ရ မယ့်ဟာ မဟုတ်သေးဘူးထင်တယ်” ဟု ပြောသည်။ 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အချက် ၄၃ ချက်အား သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်သည်ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြင်ဆင်ပြဋ္ဌာန်းရန် သဘောတူ ဆုံးဖြတ်နိုင်ခဲ့သည့်အပြင် ဆွေးနွေးဆဲ ၇ ချက်နှင့် ပြင်ဆင်ရန် ထပ်မံတင်ပြ ထားသည်များလည်းရှိကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် သတင်းစာရှင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

ဖက်ဒရယ်နှင့် ဒီမိုကရေစီအား လက်တွေ့အကောင်အထည် ဖော်ဆောင်ရန် နိုင်ငံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များတွင် တာဝန်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီများနှင့် နစကဥက္ကဋ္ဌကို တွေ့ရစဉ်

၎င်းက “ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို စည်းရုံးရေးအနေနဲ့ပဲ အပြောပဲရှိတယ်၊ တကယ်လက်တွေ့မှာကျတော့ ဒါတွေ နဲ့ ကင်းတယ်ဆိုတဲ့ သဘောပေါ့၊ ဖက်ဒရယ်ရယ်၊ ဒီမိုကရေစီရယ်၊ ဒီမိုကရေစီဆိုတာလည်း ပြောခဲ့ကြတယ်၊ ဖက်ဒရယ်ကတော့ တိုင်းရင်းသားတွေ ပြောတာပေါ့၊ ဒါပေမယ့် ပြည်မကတော့ ဆိုရှယ်လစ် ဒီမိုကရေစီကို ပြောတာပေါ့၊ အဲတော့ ဒီလိုပဲ နှစ်ပေါင်း ၈၀ နီးပါးလောက် ရှိလာပြီ၊ အဲတော့ ဘာကြောင့် ခုနကပြောတဲ့ ဝေါဟာရ ၂ ခုကို ခုထိ နိုင်ငံရေး၊ စည်းရုံးရေးအနေနဲ့ပဲ သုံးသုံးပေါ့ဗျာ၊ လက်တွေ့ အကောင်အထည် မဖော်ဘူးဆိုတာမျိုးက အခုနကပြောတဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကို အပြစ်တင်ကြတာဗျ၊ ခင်ဗျားတို့ ဒီဝေါဟာရတွေကို အကောင် အထည်မဖော်ခဲ့လို့ ဒီနေ့ပြဿနာ ဖြစ်နေတယ်ဆိုတဲ့ ပင်ရင်းပြဿနာကို လူငယ်တွေက သုံးသပ်ကြတာပေါ့၊ ဒါကြောင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကို အပြစ်တင်တယ်ဆိုတာက အပြစ်တင်အပ်တယ်၊ အဲတော့ လက်တွေ့ အကောင်အထည် ဖော်ပေးရမယ့် တာဝန်သည် အခုနကပြောတဲ့ အဖွဲ့အစည်းတွေ တာဝန်ရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ Institution အကြီးကြီးတွေမှာ တာဝန်ရှိတာပေါ့” ဟု ပြောသည်။ 

ပါတီများအချင်းချင်းကြား ကြိုတင်ညှိနှိုင်းခြင်းအားဖြင့် ပိုကောင်းသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပုံသဏ္ဍာန်အား ဖော်ဆောင်နိုင်မည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
၎င်းက “ကျနော်တို့က အဲအချက်ကိုပဲ ချက်ချင်း Practice(လက်တွေ့) လုပ်လိုက်လို့ရတဲ့ အနေအထားတစ်ခုက ဘာလဲဆိုတော့ အခုရွေးကောက်ပွဲဝင်ထားတဲ့ ပါတီတွေ အကုန်လုံးပေါ့နော်၊ ကျနော်တို့ အချင်းချင်း ညှိလိုက်ကြ မယ်၊ ညှိနှိုင်းထားပြီး သွားမယ်ဆိုလို့ရှိရင် ဖက်ဒရယ်ပုံသဏ္ဍာန် ပိုမိုပေါ်လွင်သော ပုံသဏ္ဍာန်တစ်ခုကို ရမှာပေါ့လေ၊ အဲအတွက်ကြောင့်မို့လို့ ဒီလိုကိစ္စရပ် ကြီးကြီးတွေကို ကျနော်တို့ နိုင်ငံရေးပါတီ ဒီပါတီတွေ အကုန်လုံးက သေသေ ချာချာ ညှိညှိနှိုင်းနှိုင်းနဲ့ လာမယ့် ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုပုံသဏ္ဍာန် သွားကြမယ်ဆိုတာ ကြိုတင်ညှိနှိုင်း ကိုယ့်ပါတီတွေ အချင်းချင်းပေါ့လေ၊ ကြိုတင်ညှိနှိုင်းထားခြင်းအားဖြင့် ပို၍ကောင်းမွန်သော ဖက်ဒရယ် ပုံသဏ္ဍာန်၊ ပို၍ကောင်းမွန်တဲ့ ဒီမိုကရေစီ ပုံသဏ္ဍာန်တွေကို အနှစ်သာရရှိရှိ ပိုမို ပီပီပြင်ပြင်ဖြစ်အောင် ဖော်ဆောင်နိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်ခင်ဗျ” ဟု ပြောသည်။ 

လက်ရှိတွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီနစ်အား မလိုချင်တော့ဘဲ တစ်ပါတီစနစ်၊ တစ်ပြည်ထောင်စနစ်များဖြင့်သာ သွားကြရန် ဆန္ဒရှိနေကြကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။