CNI News

၂၀၂၂ ခုနှစ်၊ မတ် ၁၅

လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် စီးပွားရေးကျဆင်း၍ အလှူရှင်များ ရှားပါးလာခြင်း ကြောင့် ပရဟိတအသင်းများ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ပရဟိတအသင်းတချို့က CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် လက်ရှိကာလသည် ငွေကြေးရှားပါးမှု၊ ကုန်ဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် အလှူရှင်များလည်း နည်းပါးလာ ကြောင်း ပရဟိတအသင်းများက ပြောသည်။

ပရဟိတအသင်းတချို့သည် လက်ရှိတွင် လျှပ်စစ်မီး မမှန်မှု၊ ဂျိုးဖြူရေ မရရှိမှုတို့ကြောင့် ရေပြတ်လပ်နေသည့် မြို့နယ်များ တွင် ရေလှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထိုသို့ ရေလှူဒါန်းရာတွင် စက်သုံးဆီ အများအပြား အသုံးပြုနေရကြောင်း၊ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

စေတနာရှင် ပရဟိတအသင်းကိုတွေ့ရစဉ်

ရှင်သန်ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “စက်သုံးဆီဝယ်ဖို့ ခက်ခဲတာက အဓိကကတော့ ငွေမရှိတာပေါ့။ အခုက ကိုဗစ်ကာလလည်း ကြာလာပြီ။ အလှူရှင်တွေ အနေနဲ့လည်း နေရာစုံ လှူနေရတော့ လက်ပန်းကျ လာတာမျိုးတွေ ရှိတယ်။ နောက်တစ်ချက် လုပ်ငန်းအားဖြင့်လည်း အလုပ်အကိုင်တွေ သိပ်မကောင်းကြဘူးပေါ့။ အဲဒီအတွက် လှူဒါန်းမှုလည်း နည်း လာတဲ့အတွက် ကျနော်တို့ ပရဟိတအသင်း တော်တော်များများကလည်း ရပ်တည်ဖို့ တော်တော်လေး ခက်ခဲလာတာမျိုးတွေ ရှိပါတယ်။ စက်သုံးဆီ ဝယ်ယူမှုကတော့ အဆင်ပြေပါတယ်။ မပြေတာက ဝယ်ယူဖို့ ငွေမရှိတာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ရေရှည်ဆက်သွားမည်ဆိုပါက ပရဟိတအသင်းများ ရပ်နားသွားရနိုင်ခြေရှိကြောင်း ပရဟိတအသင်းများက ပြော ကြသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် လူနာလမ်း‌ကြောင်းများရှိပါက ယခင်ကကဲ့သို့ မသွားရောက်နိုင်တော့ကြောင်း စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)မှ ကိုဝေဖြိုးက CNI သတင်းဌာနသို့ ပြောသည်။

ကိုဝေဖြိုးက “လူနာတွေက ဆင်းရဲတယ်လေ။ အဲဒီအခါကျတော့ ပြန်လည်လှူဒါန်းဖို့အတွက်လည်း အဆင်မပြေနိုင်ဘူး။ အဲ့ဒါ ကျ အခမဲ့ ပို့ပေးရတာပေါ့။ အရင်ကဆို ကားတစ်စီးကို ဖြည့်ဖို့အတွက်ဆိုရင် ၅၀၀၀၀ ကျော်၊ ၆၀၀၀၀ ဝန်းကျင်လောက်ဆို ကားပြည့်တယ်။ အခုကျ ၁၀၀၀၀၀(တစ်သိန်း)နီးနီးမှ ကားပြည့်တော့တယ်။ အဲဒီလောက် ကျတော့လည်း ပရဟိတအသင်း တွေ မထည့်နိုင်ဘူးလေ။ တစ်ခါဖြည့်ရင် ၃၀၀၀၀၊ ၄၀၀၀၀ ဖိုး အဲဒီလောက်ပဲ ဖြည့်နိုင်တယ်။ လက်ရှိဆို လမ်းကြောင်းပိုင်း တွေနဲ့ ပတ်သက်လို့ သေသေချာချာ မေးမြန်းပြီးတော့မှပဲ လမ်းကြောင်းထွက်တော့တယ်။ ဘာလို့ဆို မသေချာပဲနဲ့ဆို ဆီဈေး တွေ ကုန်တယ်ပေါ့”ဟု ပြောသည်။

ရေပြတ်လပ်မှု လှူဒါန်းနေခြင်း

ရေပြတ်လပ်သည့် နေရာများမှ အကူအညီ တောင်းခံသည့်အတွက် ရေသွားရောက် လှူဒါန်းရာတွင် ရေဂါလံ ၃၂၀၀ ဆန့် ရေသယ်ယာဉ် တစ်စီးအတွက် စက်သုံးဆီ ၅ ဂါလံခန့် အသုံးပြုရကြောင်း၊ ထိုရေအား လိုသည့်နေရာသို့ တွန်းပို့နိုင်ရန် ရေစုပ်စက်ဖြင့် တွန်းပို့ရသည့်အတွက် စက်သုံးဆီ ဂါလံဝက်ခန့် အသုံးပြုရကြောင်း ရှင်သန်ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။

ထို့ကြောင့် တစ်ရက်လျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ ၆၀၀၀၀ ကျော် ရှိသည့်အတွက် ယခင်က အခမဲ့ လှူဒါန်းမှုအစား ယခု အခါတွင် တတ်နိုင်သည့် လမ်းများ၌ စရိတ်မျှပေးစနစ်ဖြင့် အလှူငွေ ကောက်ခံကြောင်း၊ ထိုသို့ ကောက်ခံသည့် အခါတွင် ၆၀ ရာခိုင်နှုန်းခန့်သာ အလှူငွေ ထည့်ဝင်ကြကြောင်း သိရသည်။

လတ်တလော ရုရှား-ယူကရိန်းစစ်ပွဲကြောင့် စက်သုံးဆီ ဈေးနှုန်းများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မြင့်တက်နေ ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ယနေ့(မတ်လ ၁၅ ရက်) စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၁၉၈၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ ၁၉၉၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၁၉၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၀၂၀ ကျပ် စသဖြင့် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါ် မူတည်ကာ ဈေးနှုန်းကွာခြားချက် ရှိသည်။