CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တို့တွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပွားလျက်ရှိသော်လည်း စက်သုံးဆီ ဈေးနှုန်းကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပရဟိတ အသင်းများမှာ အခက်အခဲ ရှိနေ ကြသည်။

ထိုသို့ ဒေသခံ ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ရာတွင် တစ်ရက်လျှင် ကားတစ်စီးအတွက် စက်သုံးဆီဖိုး ငါးသောင်း(၅၀၀၀၀)နီးပါးခန့် ကုန်ကျကြောင်း မော်လမြိုင်မြို့ရှိ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ အနေအထားကတော့ ကျနော်တို့ဆီမှာ မိုးရွာတော့ ဆီကတော့ လိုသလောက် ဝယ်လို့ ရနေတယ်။ အဲဒီပြဿနာတော့ မရှိနေဘူး။ စက်သုံးဆီ ဈေးတက်တဲ့ အခါမှာတော့ ကျနော်တို့ ကူညီမှုလုပ်ငန်းတွေမှာ တချို့ ကိစ္စတွေမှာ စိတ်ရော ကိုယ်ပါ ကူညီမှု လုပ်လိုက်ချင်ပေမယ့် တချို့ဟာတွေကျတော့ ချင့်ချိန်ပြီးတော့ပေါ့။ ဆိုကြ ပါစို့ တခြားနေရာကို သွားမယ်။ အဲဒီနယ်မြေမှာ တခြားအဖွဲ့ ရောက်နေပြီလား။ ရောက်နေပြီဆိုရင် ကျနော်တို့က မသွားတော့ဘူး။ အဓိကကတော့ စက်သုံးဆီ ဈေးကြီးလာတဲ့အတွက် ကူညီမှု လုပ်ငန်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ပေမယ့်လည်း စက်သုံးဆီကြောင့် ဟန့်တားမှုတွေ ဖြစ်လာတယ်ပေါ့။ အနည်းနဲ့အများတော့ ရပ်ကွက် တစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် လူ အင်နဲ့အားနဲ့ဝင်တဲ့ အခါကျတော့ အချိန်တိုအတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းကို ပိုလုပ်လို့ အဆင်ပြေတာပေါ့။ အင်အားနည်းတဲ့ အခါကျတော့ လုပ်ရတာတော့ အနည်း ကြန့်ကြာ သွားတာပေါ့။ အဲဒါမျိုးတွေ ရှိတယ်”ဟု ပြောသည်။

တာချီလိတ်မြို့ ရေကြီးရေလျှံနေမှု 

လက်ရှိ မြန်မာနိုင်ငံ၌ စက်သုံးဆီဈေး မြင့်တက်ခြင်း၊ အချို့ဒေသများတွင် လိုသလောက်ဝယ်ယူ၍ မရရှိခြင်းနှင့် ရောင်းချသည့်ဆိုင်များ ပိတ်ထားခြင်းတို့ဖြင့် ရင်ဆိုင်နေရကြောင်း၊ ထိုအခက်အခဲများကြောင့် လက်ရှိ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် ယခင်ကကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်တော့ကြောင်း ပရဟိတ အသင်းများက CNI သတင်းဌာနသို့ ပြောသည်။

ပူတာအိုမြို့ရှိ ပန်းဥယျာဉ် ပရဟိတအသင်းမှ ကိုဒီတန်က“အခက်အခဲ အများကြီး ရှိပါတယ်။ ပူတာအို အခြေအနေ မှာတော့။ မြန်မာပြည်ရဲ့ ထိပ်ဆုံးဆိုတော့ ဒီမြို့လေးက အင်မတန်မှ ခက်ခဲတဲ့ မြို့လေးပါ။ အခုက ကျနော်တို့ ပရဟိတလုပ်ဖို့ လူမှုရေးလုပ်ဖို့ပါ အခက်အခဲ ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆီဆိုင်က ဆီမရတော့ဘူး။ ဆီမရတဲ့ အခါကျတော့ ကူညီချင်လည်း ကားတွေ ဆွဲလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ အခု ပူတာအို ဈေးနှုန်းနဲ့ဆို လူမှု ရေး ကားတွေက ဆီဖိုးက ငါးသောင်းအထက် ထည့်မှ အဆင်ပြေတယ်။ ကျနော်တို့ ပူတာအိုက ခရီးဝေးတွေပဲ ပြေး နေရတဲ့ အခါကျတော့။ အနီးအနားက အက်စီးဒန့်တို့ ဆေးရုံတက်ချင်တဲ့ ကိုယ်ဝန်သည် မိခင်တို့တော့ ကူညီပေးလို့ ရတယ်။ ခရီးဝေး သွားရမယ့် နေရာတွေကျတော့ အဆင်မပြေတော့ဘူး ဖြစ်နေတယ်။ မရတော့တာ ဆိုင်တွေက။ စက်သုံးဆီဆိုင်တွေက ပိတ်လိုက်တဲ့ အခါကျတော့ လက်ရှိမှာ ဖွင့်ထားတဲ့ အခြေအနေ မရှိ မဖွင့်နိုင်သေးဘူးပေါ့။ ဝယ်လို့ရမယ့် နေရာကို မရှိတော့တာ ပူတာအိုက။ မနေ့က တစ်ဆိုင်တော့ဖွင့်တယ် တစ်နာရီလောက်ပဲ ဖွင့်တာ။ အဲဒီအချိန်မှာ ကျနော်တို့ မဝယ်မိရင်တော့ ဆီမရနိုင်ဘူးဖြစ်နေတာ”ဟု ပြောသည်။

 

ပရဟိတအသင်းများသို့ လှူဒါန်းသည့် အလှူရှင်များမှာလည်း နည်းပါးသွားသည့်အတွက် လက်ရှိ သဘာဝဘေး အန္တရာယ်ကြောင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရာတွင် အသင်းရန်ပုံငွေများ အသုံးပြု၍ ဆောင်ရွက် နေ ရကြောင်း သိရသည်။


သို့သော် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆိုးဆိုးရွားရွား ကြီးကြီးမားမား ကြုံတွေ့လာရသည့်အခါ လက်ရှိ စက်သုံးဆီ ဈေးနှုန်းအတိုင်းဆိုပါက သက်ဆိုင်ရာ အစိုးရထံ တင်ပြ အကူအညီ တောင်းခံခြင်းများ လုပ်ဆောင် လာရမည် ဖြစ်ကြောင်းလည်း ပရဟိတအသင်းများထံက သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံရှိ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် ရေကြီးရေလျှံခြင်းများ ကြုံတွေ့ရသည့် ဒေသခံပြည်သူများအား ဘုန်းကြီးကျောင်းများသို့ ယာယီကယ်ဆယ်ရေးအဖြစ် ရွှေ့ပြောင်းထားရသည်။

စက်သုံးဆီထည့်ရန် လားရှိုးမြို့မှာ ဩဂုတ် ၁၃ ရက်က တန်းစီစောင့်နေစဉ်


တာချီလိတ်မြို့တွင် ယခုရက်ပိုင်း ဖြစ်ပွားသည့် ရေကြီးရေလျှံမှုသည် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့ဖြင့် နှိုင်းယှဉ် ပါက ဆိုးရွားကြောင်း ရွှေမယ်ယန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဒီမှာက ဘယ်လိုတွေ ဖြစ်သွားလဲဆိုတော့ မဲခေါင်မြစ်ဝှမ်းက ရေကြီးပြီးတော့မှ ဖြစ်သွားတဲ့ကိစ္စပေါ့။ ရေတက်သွားပြီးတော့မှ ဒီမှာ အပေါ် ရေဆင်းလာပြီး တန့်သွားတဲ့ ကိစ္စဆိုတော့ နည်းနည်းလေးတော့ အားစိုက် ပြီးတော့မှ အလုပ်လုပ်ရတာပေါ့လေ၊ ခါတိုင်းထက် ပိုပြီးတော့မှ။ အခုဟာက အပူပိုင်း မုန်တိုင်းဝင်သွားတဲ့ ဖြစ်သွား တဲ့ ကိစ္စဆိုတော့ ဒီတစ်ကြိမ်ကတော့ နည်းနည်းလေး ဆိုးတယ်ပေါ့။ ခါတိုင်းထက် တစ်ပေလောက် ပိုမြင့်တယ်။ ခါတိုင်းက အိမ်ထဲမှာ ၃ ပေလောက်ဝင်ရင် ဒီတစ်ကြိမ်တော့ ၄ ပေလောက်ဝင်တယ်”ဟု ပြောသည်။

တာချီလိတ်မြို့ ရေကြီးနေမှု ပရဟိတလုပ်ငန်းများဆောင်ရွက်နေမှု

ဩဂုတ် ၁၆ ရက်နေ့ ညပိုင်း၌ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရန်ကုန် အပါအဝင် အခြားမြို့နယ်များတွင် ရေကြီး ရေလျှံခြင်းများ တွေ့ရသည်။

ကပ္ပလီ ပင်လယ်ပြင်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေသည့်အတွက် ယနေ့ (ဩဂုတ် ၁၇ ရက်) ညနေအထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။