CNI News

၂၀၂ ၂ ခုနှစ်၊ မတ်လ ၂၁

လက်ရှိတွင် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ်သည် မတ်လ ၂၂ ရက်နေ့ ဟိုင်းကြီးကျွန်းအနီးသို့ မရောက် ခင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက "ဒီ နောက် ၁၂ နာရီက မုန်တိုင်းငယ်အဆင့်ပဲ ရောက်ဦးမယ်။ အားကောင်းသော မုန်တိုင်းငယ် လည်း ဖြစ်နိုင်တာပေါ့။ မုန်တိုင်းငယ်ရဲ့ သဘောသဘာဝကတော့ မနက်ပိုင်းတွေက နည်းနည်း အားလျော့ပြီးတော့ မွန်းလွဲ ညနေပိုင်းတွေမှာ ပင်လယ်ပြင်က ရေခိုးရေငွေ့ ပူလာတဲ့ အခါကျတော့ ရေခိုးရေငွေ့ ကောင်းကောင်းရရင် တခါပြန်ပြီး အား ပြန်ပျိုးလာတာမျိုးတွေ။ ဒီဟိုင်းကြီးကျွန်း မရောက်ခင် လောက်မှာတော့ ဆိုင်ကလုန်း မုန်တိုင်းလောက် ဖြစ်နိုင်တယ်။ ပြီး တော့ ဟိုင်းကြီးကျွန်းနား ကပ်သွားရင် တစ်ခါပြန်ပြီး အားပြန်လျော့သွားမယ့် အနေအထားမျိုး လက်ရှိမှာ တွေ့ရတာပေါ့"ဟု ပြောသည်။

ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိပါက အမည်ပေးရမည်ဖြစ်ကာ လက်ရှိတွင် မုန်တိုင်းငယ် အဆင့်သာ ရှိသေးသည့် အတွက် အမည်‌မပေးသေးကြောင်း ၎င်းက ပြောသည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

မုန်တိုင်း အခြေအနေ တိုင်းထွာချက်

ထိုမုန်တိုင်းငယ် အနေဖြင့် မြန်မာ့ကမ်းရိုးတန်းအား ဖြတ်ခါနီး ၁၂ နာရီအချိန်ခန့်တွင် အနီရောင်အဆင့်သို့ ပြောင်းလဲ သတ် မှတ်ရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

လက်ရှိ မုန်တိုင်းငယ်မှာ မြန်မာတစ်နိုင်ငံလုံးသို့ သက်ရောက်မှုရှိပြီး  အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဘက်များသို့ ပိုမိုသက်ရောက် မှု ရှိကြောင်းလည်း သိရသည်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက "ပြည်သူတွေအနေနဲ့ သတိထားရမှာကတော့ မုန်တိုင်းနဲ့အတူ တွဲလာတဲ့ အချက်အန္တရာယ်က ၃ ခုရှိတာပေါ့လေ။ မိုးသည်းထန်စွာ ရွာတာရယ်၊ လေပြင်းတိုက်တာရယ်၊ နောက် မုန်တိုင်းဒီရေပေါ့။ အဲဒီတော့ ကျနော်တို့က ဒီအန္တရာယ်တွေကို သတိထားရမှာ။ လေပြင်းကလည်း ကျနော်တို့က လက်ရှိဖြစ်နေတဲ့ မုန်တိုင်းငယ်ရဲ့ ရှေ့ပြေးတိမ်တွေက တော့ အခုဆိုရင် ရန်ကုန်တို့၊ မြစ်ဝကျွန်းပေါ်တို့ကို ရောက်နေတယ်။ မွန်၊ ကရင်ဘက်မှာလည်း တိမ်တိုက်တွေ ရှိနေတော့ ဒါတွေက မုန်တိုင်းကနေ ထွက်လာတဲ့ တိမ်တိုက်တွေပေါ့။ ဒါတွေကြောင့် မုန်တိုင်းမလာခင်မှာ အကြိုလေတိုက်တာတို့ မိုးရွာ တာတို့လည်း ဖြစ်နိုင်တယ်။ လေဆင်နှာမောင်း ကျရောက်တာတွေလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆို မုန်တိုင်းကနေ ပြန့်ထွက် လာတဲ့ တိမ်တိုက်တွေကနေပြီးတော့ လေဆင်နှာမောင်းဖြစ်တာ ရှိလို့။ ပြီးတော့ ဒီအချိန်က ပူတဲ့အချိန်ဆိုတော့ လေဆင်နှာ မောင်း တိုက်တာတွေ၊ လေပြင်းတိုက်တာတွေ သတိပြုရမှာပေါ့"ဟု ပြောသည်။

လက်ရှိ မုန်တိုင်းငယ်၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယနေ့(မတ်လ ၂၁ ရက်) ညနေပိုင်းတွင် ကိုကိုးကျွန်းအနီးသို့ လည်းကောင်း၊ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်း အနီးသို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်းလည်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ အသိပေးနှိုးဆော်ထားသည်။