CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် IBEC ကျောင်းကို ကူညီကယ်ဆယ်ရေး စင်တာအဖြစ် ဖွင့်လှစ်လိုက်ကြောင်း Ashin Vicitta Shwebo က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသား ခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသည့် ငလျင်တစ်ခု မတ်လ ၂၈ ရက်က လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေများအတွင်း လူ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံများ၊ ဟိုတယ်၊ အစိုးရဝန်ထမ်း အိမ်ယာများ၊ အစိုးရရုံးများ ပြိုကျပျက်စီးခဲ့သည်။
ထိုငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၏ စုစုပေါင်း ၈၂.၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၂၀,၀၀၀ ဦးကျော်အထိ ငလျင်ဘေးဒုက္ခသည် ဖြစ်ခဲ့သည်။ အလားတူ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်းပေါင်း ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု Ashin Vicitta Shwebo က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ သည်။
ထို့ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် IBEC ကျောင်းကို ကူညီ ကယ်ဆယ်ရေးစင်တာအဖြစ် ဆောင်ရွက်သွားမည်ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် စစ်ကိုင်းမြို့မှ ငလျင်ဘေးသင့် ပြည်သူများသည် ဆေးဝါး၊ သောက်သုံးရေ၊ သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်တောက် နေပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ပူးပေါင်း ပါဝင်ဆက်သွယ်လိုသူများအနေဖြင့် 09 - 400447473, 09 - 798716259, 09775284633, 09 – 780283453 များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း Ashin Vicitta Shwebo က ရေးသားထားသည်။