CNI News

၂၀၂၂ ခုနှစ်၊ မေ ၉

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေ ၈ ရက်မှ ၁၄ ရက်ကြား မုတ်သုံစတင်ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက"ဒါက ဝင်ဖို့လည်း နည်းနည်း ကျိန်းသေသလောက်ရှိတယ်။ ရာခိုင်နှုန်းများ တယ်။ မုတ်သုံက တောင်ပိုင်းကို လောလောဆယ်တော့မဝင်သေးဘူး။ ဒီမုန်တိုင်းအရှိန်ကြောင့် မိုးရွာပြီး ရင်တော့ နောက် မုတ်သုံကဆက်လာတော့ မုတ်သုံမိုးတွေဘာတွေက တောင်ပိုင်းမှာ ကျလာမှာပေါ့။ အဲဒီ တော့ တောင်ပိုင်းကတော့ မိုးသိပ်ပြတ်တော့မယ့်သဘောမရှိဘူး။ နောက်မြစ်ဝကျွန်းပေါ်တွေမှာလည်း ၁၄ ရက်နဲ့ ၂၀ ရက်ကြားပေါ့။ မုတ်သုံဝင်စမှာလည်း မုတ်သုံအဝင်ပေါ့နော်။ မုတ်သုံအဝင်မှာလည်း နည်း နည်း မိုးသက်လေပြင်းကျတာတွေ ရှိတတ်တယ်ဆိုတော့ အဓိကကတော့ ကမ်းရိုးတန်းဒေသတွေတော့ သတိထားရမှာပေါ့"ဟု ပြောသည်။

ထိုကာလ၌ မုတ်သုံမဝင်ရောက်သေးသည့် ဒေသများတွင်လည်း အပူပြန်တက်တိမ်ကြောင့် မိုးရွာခြင်းများ ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ပျမ်းမျှ ပုံမှန် မုတ်သုံဝင်ရောက်ချိန်သည် မေလ ၁၈ ရက်တွင် စတင် ဝင် ရောက်တတ်သည့်အတွက် ယခုနှစ်သည် မုတ်သုံဝင်စောသည်ဟု ယူဆရကြောင်း ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ မိုးဦးကာလကို ကျနော်တို့က တစ်ပြည်လုံးကို မုတ်သုံဝင်မှ မိုးဦးကာလစတာလို့ သတ်မှတ်တာကိုး။ တောင်ပိုင်းဝင်ပြီးရင် မြစ်ဝကျွန်းပေါ်၊ အလယ်ပိုင်း၊ အလယ်ပိုင်းပြီးရင် မြောက်‌ပိုင်း ပေါ့။ တပြည်လုံးလွှမ်းခြုံမှ ဒါ မိုးဦးကာလစတယ်လို့ ခေါ်တာပေါ့။ အဲဒီတော့ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ကျတော့ နည်းနည်းလေး ပုံမှန်လောက်တော့ ဖြစ်လိမ့်မယ်ထင်တယ်။ တပြည်လုံး မုတ်သုံဝင်မယ့် အနေအထားကတော့ ပုံမှန်လောက်ပဲ ဖြစ်နိုင်တာပေါ့" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အာစန်၏အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းခြင်း၊ မိုးသက်လေပြင်း ကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နေသည်။

ထိုဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၃ ရက်နေ့ခန့်မှ ပြန်လည်ထွက်ခွာမည်ဖြစ်သဖြင့် ထိုရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ မေလ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကာ၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန် ထားသည်။