CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၃

အရည်အသွေးကောင်း မြန်မာ့စိန်တလုံး သရက်သီးများကို စင်္ကာပူနိုင်ငံသို့ လေကြောင်းလိုင်း၊ သင်္ဘောလိုင်းဖြင့် တင်ပို့နေသော်လည်း ယခင်နှစ်များထက် တင်ပို့မှု လျော့နည်းနေသေးသည်ဟု မြန်မာနိုင်ငံ သရက်သီး တင်ပို့သူများထံမှ သိရသည်။

စင်္ကာပူနိုင်ငံသို့ မြန်မာ့စိန်တလုံး သရက်သီး တင်ပို့မှုသည် နှစ်စဉ် တန် ၁၀၀ ဝန်းကျင် ရှိခဲ့သော်လည်း ယခုအချိန်တွင် တန် ၃၀ သာ တင်ပို့ထားနိုင်သေးသည်ဟု မြန်မာနိုင်ငံ သရက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက CNI သတင်းဌာနသို့ ပြောသည်။

“မနှစ်ကဆို ပို့လို့တောင် မရဘူး။ ခု လေယာဉ်ပျံနဲ့ရော၊ သင်္ဘောနဲ့ရော ရသလို သူတို့ ပို့နေကြတော့ အမှန်တော့ ဟိုးတစ်နှစ်ကထက်စာရင်တော့ နည်းသေးတယ်လို့ ပြောရမှာပဲ။ မနှစ်ကထက်စာရင် အများကြီး သာတယ်လို့ ပြောရမှာ။ တောက်လျှောက်တော့ တင်နေတာပါပဲ။ တန် ၃၀ လောက်တော့ တင်ပြီးပါပြီ ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သရက်သီးပေါ်ချိန်တွင် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်မှုနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဖြစ်ကာ သရက်သီးတင်ပို့မှု လျော့ကျခဲ့ပြီး ပြည်တွင်းဈေးကွက် တွင်သာ ရောင်းချခဲ့ရသည်။

ယခုနှစ်တွင် အအေးခန်း ကွန်တိန်နာ ငှားရမ်းခသည် ယခင်နှစ်ထက် နှစ်ဆခန့် ဈေးနှုန်းမြင့်တက်သွားကြောင်းနှင့် သရက်သီးတင်ပို့သူများအနေဖြင့် အမြတ်ရရှိမှု နည်းပါးသွားသည်ဟု သိရသည်။

မြန်မာ့စိန်တလုံးကို စင်္ကာပူနှင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ တင်ပို့လျက်ရှိပြီး ယခုနှစ်တွင် စင်္ကာပူနိုင်ငံသို့ တင်ပို့ရာ တွင် သရက်သီး၏ အရည်အသွေးပိုင်းဆိုင်ရာ ကျဆင်းနေခြင်းကြောင့် ယခင်နှစ် တင်ပို့ထားသည့် တန်ချိန်ကို ပြည့်မီနိုင်မည်မဟုတ်ဟု မန္တလေးတိုင်းဒေသကြီးမှ စိန်တလုံး သရက်သီးကုန်သည် ဦးဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။

“ကျနော်ထင်ပါတယ်။ အခုကလည်း ဒီလကုန်ပြီးလောက်ဆို မန္တလေးတိုင်းကတော့ ကုန်သလောက်ရှိပြီ။ နောက် လ လဆန်း ၁၅ ရက်လောက်ပဲ ပို့နိုင်မယ်။ ကျနော်ထင်တယ် တန် ၄၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ ဒါက ဟိုဘက်က သူတို့ဘက်က မှာမှ။ နောက် အသီးအရည်အသွေးကလည်း ဒီနှစ်က တောင်သူတွေက သွင်း အားစုပေါ့ ဆေးဖျန်းတာတို့၊ အိတ်စွပ်တာတို့ သိပ်ပြီးတော့ မလုပ်ကြဘူး၊ ဈေးတွေလည်း တက်လို့လေ။ မလုပ် ကြတော့ အသီးအရည်အသွေးက နည်းနည်းကျတယ်။ ဟိုကိုပို့လိုက်တော့ ဟိုဘက်က feedback ပြန်လာတာက အဲလို။ ထိပ်ပုပ်တွေ ဖြစ်တယ်။ နောက်ပြီးတော့ အသီးတွေက နွမ်းတာတို့၊ ရောဂါဖြစ်တာတို့၊ အဲလိုမျိုးတွေ ပြန်လာတော့ အဝယ်ကတော့ နည်းနည်းတော့ နည်းတာပေါ့။ တစ်ခါမှာပြီးတော့ မမှာတော့တာမျိုး အဲလိုမျိုးတွေ ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စိန်တလုံး သရက်သီးကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးကြကြောင်း သိရသည်။

စင်္ကာပူနိုင်ငံသို့ သရက်သီးတင်ပို့ရာတွင် မြေပြန့်ဒေသမှ စိန်တလုံး သရက်သီးရာသီသည် ဇွန်လအလယ်လောက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အမှာစာများ ရောက်ရှိလာပါက တောင်ကြီးဒေသနှင့် ကသာဒေသများမှ ထွက်ရှိ သည့် သရက်သီးများကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။