CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၄

နှစ်နိုင်ငံ ကုန်သွယ်မှု မြန်ဆန်စေရန်အတွက် မြန်မာနိုင်ငံမှ ထွက်ကုန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း နှင့် ဒါကာဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ သံအမတ်ကြီး အဖွဲ့နှင့် ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူးအဖွဲ့၊ CEC အဖွဲ့ဝင်တွေ စစ်တွေမြို့၌ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

အသင်းမှ အတွင်းရေးမှူး ဦးအောင်အောင်က“အခုလည်း စစ်တကောင်းဈေးကွက်ကို သွားတဲ့ကုန်တွေလည်း ရှိတယ်။ ဒါပေမယ့် နယ်စပ်ကတဆင့် သွားရတဲ့အခါကျတော့ ကုန်ကျစရိတ်များပြီးတော့ အချိန်ကြာနေတာပေါ့။ ဘယ်လိုပို့မလဲဆိုတော့ သင်္ဘောလမ်းကြောင်းနဲ့ပဲ ပို့ရမှာပါပဲ။ သူတို့ဘက်က တစ်ခုတင်ပြတာက ကမ်းရိုးတန်း သွားကုန်သွယ်မှုလို့ပဲပြောရမလား။ coastal trade ဆိုတဲ့ဟာမျိုးတစ်ခုတော့ အကောင်အထည်ဖော်လို့ရတယ်။ သူတို့ပြောတာက coastal ဆိုတာက သတ်မှတ်တဲ့ ဆိပ်ကမ်းမှာပဲ ကပ်ရမှာပေါ့လေ။ ဒီဘက်မှာ စစ်တွေဆိုရင် စစ်တွေ၊ ပုသိမ်ဆိုရင် ပုသိမ်ပေါ့။ ဒီ coastal trade ဆိုတာကတော့ ရခိုင်ဒေသတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဧရာဝတီတိုင်းကပဲ ဖြစ်ဖြစ်၊ ဗမာပြည်အထက်ပိုင်းကပဲဖြစ်ဖြစ် ကုန်တစ်ခုခုတင်ပို့ချင်တယ်ဆိုရင် အဲဒီ shipping လိုင်းကနေ တင်လို့ရတဲ့သဘောမျိုးပေါ့။ ဟိုဘက်မှာလည်း စစ်တကောင်းနဲ့ အနီးဆုံးဆိပ်ကမ်း၊ ဒါကာနဲ့ အနီးဆုံး ဆိပ်ကမ်းတွေကို ဝင်မယ်ပေါ့” ဟု ပြောသည်။

ဇွန်လတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံဘက်သို့လာရောက်ကာ ဆွေးနွေးရန်ရှိပြီး ရခိုင် ပြည်နယ်ဘက်သို့ လာခွင့်ရပါက လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်မှုအား ယခုထက် ပိုမိုမြန်ဆန်လာစေကာ ကုန်သွယ်မှုပမာဏ လည်း တိုးလာနိုင်ကြောင်း ရခိုင်ကုန်သည်တစ်ဦးဖြစ်သည့် ဦးအောင်စံသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီလိုမျိုး တစ်ဖက်နဲ့တစ်ဖက် ကူးလူးဆက်ဆံပြီး အဲဒီလိုလုပ်တယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့လေ။ အခုက ကိုဗစ်တို့ဘာတို့နဲ့ကျတော့ တစ်ဖက်နဲ့ တစ်ဖက် သွားလာရတာ နယ်စပ်ရေးက အဆင်ပြေတာ မဟုတ်ဘူး လေ။ အခုဘာလဲဆို မောင်တောက သွားတဲ့အခါဆိုရင်လည်း ကုန်ပို့မယ့်လုပ်သားတွေနဲ့ ကုန်သယ်ပြီး သွားနေရ တာ။ တကယ်လို့ ဟိုဘက်က ကမ်းလှမ်းဆွေးနွေးပြီးတော့ သဘောတူလိုက်ရင် နိုင်ငံတော်ကလည်း လိုတာကို ပံ့ပိုးမယ်ဆိုရင် ပိုလို့အဆင်ပြေပါမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်ရာ၌ ရေထွက်ကုန်ပစ္စည်းများကိုသာ အဓိကအများဆုံး ကုန်သွယ်နေရ ကြောင်းနှင့် တိုက်ရိုက်ကုန်သွယ်ခွင့်ရပါက ဆန်စပါးများ၊ ကောက်ပဲသီးနှံများပါ တင်ပို့လာရနိုင်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ ငွေရေးကြေးရေး အခက်အခဲရှိပါတယ်။ ဟိုဘက်ကနေပေးလိုက်တဲ့ ပိုက်ဆံက ဘဏ်ထဲဝင်လာရင် ဘဏ်ထဲကပိုက်ဆံ ထုတ်မရဘူး။ ထုတ်မရတဲ့အခါကျတော့ ကုန်သွယ်မှုတွေက နှောင့်နှေး နှေးကွေးကုန်တာ ဒီဘက်မှာ။ ဟိုဘက်ကငွေပေးရင်တောင်မှ ဒီဘက်က လက်ခံသင့် လက်မခံသင့်ပေါ့။ ဘယ်လို နည်းလမ်းတွေသုံးမလဲ ဆွေးနွေးလာတာတွေရှိတာပေါ့။ ဒီငွေကြေးဆိုင်ရာ ဆောင်ရွက်တဲ့အခါမှာ ငွေပေး၊ ငွေယူ ဆောင်ရွက်တဲ့အခါမှာ ကုန်သွယ်မှုလမ်းကြောင်း မထိခိုက်အောင် ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်ကုန်သွယ်ရေးက မပြောပလောက်ဘူး။ တနှစ်လုံးမှ တန် ၂၀ ၃၀လောက်တောင် ဝင်မယ် မထင်ပါဘူး”ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အတွင်းရေးမှူး ဦးအောင်အောင်က CNI သို့ ပြောသည်။

ယခုနှစ် ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သော စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဇုန်နှစ်ခု မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂.၈၆၃ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

ယခုနှစ် ဧပြီလ တစ်လတာအတွင်း ငါး၊ ပုစွန်တန်ချိန် သုံးသောင်းကျော် ပြည်ပတင်ပို့ခဲ့ရပြီး အမေရိကန် ဒေါ်လာ (၄၉.၉)သန်း ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။