CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

ရခိုင်ပြည်နယ်အတွင်း ဘိလပ်မြေများ ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း စက်သုံးဆီ ဈေးနှုန်းမြင့်တက် နေမှုကြောင့် သယ်ယူစရိတ် ကြီးမြင့်နေသည့်အတွက် ဘိလပ်မြေဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိ နေကြောင်း ဘိလပ်မြေတင်သွင်းရောင်းချသူများက CNI သတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့ရှိ လေးဝတီအိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူက “ဘိလပ်မြေတော့ အခုတော့ အဝင်ကတော့ နည်းနည်းလေး အဆင်ပြေလာတယ်။ အခုဆိုရင် ဆင်သင်္ဘောတွေရော၊ နောက်ပြီး အယ်လ်ဖာတွေရော၊ နောက်ပြီး ခရောင်းတွေရော၊ နောက် အပါချီတွေရော အများကြီး ဝင်လာတာပေါ့နော်။

အခုဆို စိန်ဘိလပ်မြေတွေတောင် ဝင်လာတယ်။ ဈေးနှုန်းအပိုင်းကတော့ ငြိမ်နေတယ်။ သိပ်ပြီး မဆင်းဘူး။ ဒါပေမယ့် အခု သင်္ဘောဆီဈေးတက်လို့ ဆိုပြီး နည်းနည်း ပြန်တက်တာပေါ့။ သယ်ယူစရိတ်က တစ်လုံး ၇၀၀၊ ၈၀၀ လောက် တက်သွားတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလဆန်းပိုင်းက ဘိလပ်မြေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အကန့်အသတ်ဖြင့် ဝယ်ယူ နေရကာ ဈေးနှုန်းများလည်း ၂ ဆခန့် မြင့်တက်ခဲ့သည့်အပြင် ဘိလပ်မြေတင်သင်္ဘောများသည်လည်း ၂ ပတ်လျှင် တစ်ကြိမ်သာ လာရောက်ကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် ရခိုင်ပြည်နယ်၌ ဘိလပ်မြေ တစ်အိတ်လျှင် ၁၆၀၀၀ ကျော် ရှိသော်လည်း လက်ရှိတွင် ၁၄၀၀၀ ကျော်ရှိနေပြီး ဈေးနှုန်းအားဖြင့် ၂၀၀၀ ကျပ်ဝန်းကျင်သာ ကျဆင်းနေသေးကြောင်း သိရသည်။

ဘိလပ်မြေတင်သင်္ဘာများ ရခိုင်ပြည်နယ်သို့ ပုံမှန် ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း ဘိလပ်မြေများကို လိုသလောက် မရရှိခြင်းနှင့် ကုမ္ပဏီများနှင့် အဆက်အသွယ် ရရှိသူများသာ အလွယ်တကူ ဝယ်ယူ၍ ရရှိခြင်းများ ဖြစ်နေကြောင်း၊ သာမန် ဘိလပ်မြေ ဝယ်/ရောင်းသူများအနေဖြင့် အဆင်မပြေနိုင်ကြောင်း စစ်တွေမြို့ရှိ လေးဝတီ အိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

“အခု လိုသလောက်တော့ ဘယ်လိုပြောရမလဲ သင်္ဘောကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကတော့ အဆင် ပြေတယ်။ တခြား သာမန် သင်္ဘောရောက်မှ လုပ်စားနေတဲ့သူတွေကတော့ အဆင်မပြေဘူး။ ကျမတို့ဆိုရင် သင်္ဘောမလာခင်ကတည်းက အော်ဒါတင်ထားတာပေါ့နော်။ ဈေးနှုန်းကို မသိခင်ကတည်းက အော်ဒါ တင်ထား တယ်။ သူတို့က ဘယ်လောက်လောက် ပေးမလဲ အဲလိုမျိုးပေါ့။ အဲလိုမျိုး ကုမ္ပဏီတွေနဲ့ အဆက်အသွယ်မရှိဘဲနဲ့ သာမန်လုပ်စားနေတဲ့သူတွေကတော့ အဲဒီကုန်သည်ကတဆင့် ဝယ်ရတာပဲ။ ပြောမယ်ဆိုရင် ကုန်သည်နှစ်ဆင့် လောက် ဖြစ်သွားတာပေါ့” ဟု ပြောသည်။

ဘိလပ်မြေနှင့် မြေဆီ စသည့် ကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်သွယ်ခွင့် ကန့်သတ်ထား သော်လည်း ရခိုင်တွင် ဘိလပ်မြေစျေးနှုန်းတည်ငြိမ်ရေးနှင့် ပြတ်လပ်မှု မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၃၀၀၀ ကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်သွင်းခွင့်ပြုရန် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ပြည်နယ်ကောင်စီထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

သို့သော် လက်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘိလပ်မြေများ ဝင်ရောက်လာခြင်းမရှိသေးဘဲ တင်သွင်းရန် အတွက် သွင်းကုန်လိုင်စင်များ လျှောက်ထားနေဆဲ အခြေအနေသာ ရှိသေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ သိသလောက်ကတော့ မဝင်သေးဘူးလို့ သိရတယ်။ တင်သွင်းတာ မရှိသေးဘူးလို့ သိရတယ်။ ဒါကလည်း တင်သွင်းဖို့ ကြိုးစားနေဆဲအချိန်ပဲ ဖြစ်ပါလိမ့်မယ်။ ခွင့်ပြုတာက သိပ်မကြာသေးဘူးဆိုတော့လေ။ ချက်ချင်းကြီးတော့ ရောက်လာမှာမှ မဟုတ်တာ။ ပြည်နယ်အစိုးရကနေပြီးတော့ တင်သွင်းခွင့်ရှိကြောင်း ထောက်ခံပေးမယ်။ ဒေသမှာ ဈေးနှုန်း မမြင့်တက်ရအောင် ပြတ်လပ်မှု မရှိအောင် လုပ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရမှာပေါ့နော်။ တင်သွင်းမယ်ဆိုရင် လိုင်စင်လျှောက်ရမယ်။ သွင်းကုန် သမားက လျှောက်ပြီးတော့မှ သွင်းလာရမှာပေါ့နော်။ မရသေးတာပဲ ရှိပါလိမ့်မယ်။ လျှောက်တဲ့သူက လျှောက်နေ တုန်းပါ” ဟု ပြောသည်။

ရခိုင်တွင် လက်ရှိ ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၁၂ဝဝဝ(တစ်သောင်းနှစ်ထောင်) မှ ကျပ် ၁၆၅၀၀ (တစ်သောင်းခြောက်ထောင်ငါးရာ)ခန့် အထိ စျေးနှုန်းရှိနေပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းခွင့် ရပါက ယခုထက်ပိုမို စျေးသက်သာနိုင်ကြောင်း ဘိလပ်မြေ အရောင်းဆိုင်များက ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင်ကာလတွင် ရခိုင်၌ ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၇၀၀၀(ခုနှစ်ထောင်) နှင့် ၈၀၀၀(ရှစ်ထောင်) ကြားရှိခဲ့သော်လည်း ယခုတွင် ဈေးနှုန်း ၂ ဆနီးပါးအထိ မြင့်တက်လာခြင်း ဖြစ်သည်။