CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဝင်ရောက်ရာ လမ်းကြောင်းရှိ စစ်ဆေးရေးဂိတ်များ၌ ယခုရက်ပိုင်းအတွင်း စစ်ဆေး မှုများ တင်းကျပ်လာ၍ ကုန်တင်ကားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လာသည်ဟု ကုန်သည်များထံမှ သိရသည်။

ရန်ကုန်မှ လာရောက်သည့် ကုန်ကားများသည် ယခင်က ၂ ရက်အတွင်း ရောက်ရှိသော်လည်း လက်ရှိတွင် စစ်ဆေး ရေး လုပ်ဆောင်နေမှုကြောင့် ၃ ရက်လောက် ကြာမြင့်နေကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်တင်ပို့ရာ တွင် အချိန်မီ မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း၊ ဈေးနှုန်းများလည်း ကျဆင်းခြင်း ကြုံလာရကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငါးကားတွေက ရန်ကုန်က ပို့မယ်ဆိုရင်တော့ ၂ ရက်လောက် ပို့ရမှာပေါ့၊ ၄၈ နာရီအတွင်းကိုပေါ့နော်။ အခုဆိုရင် ၃ ရက်လောက် ကြာတာပေါ့နော်။ လမ်းခရီးမှာ စစ်ဆေးတာတွေ များလို့လေ။ ဆိုတော့ နယ်စပ်ကို အချိန်မီ သွားရတဲ့အခါမှာ ကားတွေက မရောက်တာရှိတယ်။ အရင်တုန်းကလို မှန်းဆလို့ မရတော့ဘူးပေါ့။ အရင် ပို့ရတဲ့ဟာက ၃ ရက်အတွင်းမှာ အရောက်ပို့ဖို့အတွက် စီစဉ်လို့ရတယ်။ ရန်ကုန်ကနေ နယ်စပ် အရောက်ပေါ့နော်။ အခုဆိုရင် ၅ ရက်လောက် ကြာနေပြီဆိုတဲ့ အခါကျတော့ ဈေးကကျတယ်။ ပစ္စည်းဝန်ဆောင်မှု စရိတ်တွေ တက် လာတာပေါ့။ ရေခဲရိုက်ရတာတို့၊ ငါးတွေဈေးကျတာဖြစ်ကုန်တာပေါ့ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ ပြေးဆွဲနေကြသည့် ကုန်းလမ်းနှင့် ရေလမ်း ခရီးသွားလာမှုကို မှတ်ပုံတင်ပါမှ သာ သွားလာခွင့်ရကြောင်း၊ အချိန်ကြာမြင့်စွာ စစ်ဆေးမှုကြောင့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ သည် စစ်ဆေးရေးဂိတ်တွင် ၂ ရက်မှ ၃ ရက်အထိ ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် ကားများ လည်း ရှိကြောင်း သိရသည်။
ထို့နောက် မောင်တောသို့ ဝင်ရောက်မည့် ကုန်ကားများသွားရာ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားသည့် အတွက်ကြောင့် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ ရပ်တန့်နေရကြောင်း သိရသည်။

လက်ရှိတွင် ပေါက်တောမြို့နယ်မှတဆင့် စက်လှေငယ်ဖြင့် လာရောက်သည့် ကုန်စည်ဖြင့်သာ ကုန်သွယ်နေရ ကြောင်း မောင်တောကုန်သည် ဦးအောင်နိုင်က ပြောသည်။

၎င်းက “ဘယ်ကုန်မှ မရှိတော့ဘူး။ အခုလောလောဆယ် လမ်းပိတ်ထားလို့လေ။ အခု ရက်ပေါင်း ၂၀ ရှိပြီ။ ၂၀ ကျော်သွားပြီထင်တယ်။ ကုန်မရှိလို့ ရပ်တန့်နေရတာ။ ပေါက်တောကနေ ဘုတ်အငယ်နဲ့ပေါ့။ လှေအငယ်နဲ့ နည်းနည်း လာလို့ရတယ်။ အဲဒါနဲ့ ပါလာတဲ့ ကုန်ပေါ့။ ၃၊ ၄ ရက်စုမှ တစ်ခါ သွားပေးတယ်။ ကုန်ကားအကြီးတွေ အဲဒါ လာလို့မရဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်

လုံခြုံရေးအရ သက်ဆိုင်ရာမှ စစ်ဆေးမှုများ လုပ်ဆောင်နေသည့်တိုင် ပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုနှင့် ကုန်သွယ်ရေးကို နှောင့်နှေးကြန့်ကြာစေခြင်းမှာ မဖြစ်သင့်ကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်၌ စစ်ဆေးရေးဂိတ်များကို တိုးချဲ့ချထားခဲ့သော်လည်း စစ်ဆေးမှု တင်းကျပ်မှုမရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲ ဖြစ်ပွား လာပြီးနောက်တွင် စစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အမ်းမြို့နယ်အထိ စစ်တွေ တပ်ထိန်းဂိတ်၊ ကျောက်တန်းဂိတ်၊ ကျောက် တော် တပ်ထိန်းဂိတ်၊ မြောက်ဦး ၅၄၀ တပ်ရင်း စစ်ဆေးရေးဂိတ်နှင့် ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်း စသည့် စစ်ဆေး ရေးဂိတ် ၂၀ ကျော် အထိရှိနေကြောင်း သိရသည်။