CNI International News

အန်ကာရာ၊ စက်တင်ဘာ ၂၆

သမ္မတတေယစ် အာဒိုဂန်က သဘာပတိအဖြစ် စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပသည့် အစည်းအဝေး၌ “တူရကီအစိုးရ အနေဖြင့် စီးပွားရေး အခြေအနေများကို ပြန်လည်သုံးသပ်သွားရန် ရှိကြောင်း၊ ပြည်တွင်း MIR ငွေပေးချေမှု ကတ်ပြားများ သုံးခြင်းနှင့် ရုရှားငွေပေးချေမှု စနစ်အတွက် ဖြစ်နိုင်ခြေရှိသော အခြားရွေးချယ်စရာများကို လမ်းညွှန်ကြောင်း” အန်ကာရာ မြို့တော်မှ သတင်းရင်းမြစ်တစ်ခုက တာ့စ်မီဒီယာသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်၌ တူရကီသမ္မတ အာဒိုဂန်သည် ရုရှား၏ MIR ဘဏ်ကတ်များ သုံးစွဲရေးနှင့် ငွေပေးချေမှုစနစ် အတွက် ဖြစ်နိုင်ခြေရှိသည့် အခြားနည်းလမ်းများ ရှာဖွေရန် စက်တင်ဘာ ၂၃ ရက်၌ အစ္စတန်ဘူလ်မြို့တွင် တံခါးပိတ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ၆ နာရီကျော်ကြာမြင့်ခဲ့ပြီး တူရကီဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ် အကြီးအကဲများအပြင် တူရကီဘဏ်ပေါင်းစုံမှ ထိပ်တန်းအကြီးအကဲများလည်း တက်ရောက်ခဲ့ကြကြောင်း TRT ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်အရ သိရသည်။

အစည်းအဝေးများမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အသေးစိတ်များကိုတော့ လတ်တလော မသိရသေးပေ။

တူရကီဘဏ်တစ်ခုကိုတွေ့ရစဉ်

တူရကီပြည်တွင်း ဘဏ်များဖြစ်ကြသည့် Is Bankasi နှင့် Denizbank တို့သည် ရုရှား MIR ငွေပေးချေမှု စနစ်အောက်ရှိ ဘဏ် ကတ်များဖြင့် တူရကီသုံး လီရာငွေကြေး ထုတ်ပေးမှုကို ဆိုင်းငံ့ထားကြောင်း အစောပိုင်း၌ သတင်းရရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပြင်ပတွင် MIR ငွေပေးချေမှုစနစ်ကို ချဲ့ထွင်ရန် မော်စကို၏ ကြိုးပမ်းမှုများကို ထောက်ခံဖို့ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန်ဘဏ္ဍာရေးဌာနက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။

သို့သော် အမေရိကန်နှင့် အနောက်အုပ်စု မီဒီယားများတွင်တော့ အမေရိကန်ဘဏ္ဍာရေးဌာနက ရုရှား၏ MIR ငွေပေးချေမှု စနစ်ကို ထောက်ခံရန်နှင့် ပတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် အဆင်သင့်ဖြစ်နေသည်ဆိုသော အခြေအနေကို ရေးသား ဖော်ပြ ထားသည်ကို မတွေ့ရပေ။

လတ်တလော ကာလအထိ အမျိုးသားငွေပေးချေမှုကတ်စနစ် (National Payment Card System) ၏ အမှုဆောင် အရာရှိ ချုပ် ဗလာဒီမာကွမ်လက်ဗ်ကို အမေရိကန်၏ အမည်မည်းစာရင်း (black list) ထဲ ထည့်သွင်းထားဆဲ ဖြစ်သည်။

Source: တာ့စ်သတင်းဌာန