CNI International News

မော်စကို၊ ဧပြီ ၂၈

မော်စကိုသည် အဆင့်မြင့်ဆုံးလက်နက်များ အသုံးပြုနေချိန်ဖြစ်၍ ယူကရိန်းပဋိပက္ခအတွင်းသို့ အခြားနိုင်ငံမှ တပ်များ ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပြီး မဟာဗျူဟာ မြောက်ခြိမ်းခြောက်မှုများကို လျှပ်တစ်ပြက်အတွင်း ချက်ချင်းတုံ့ပြန်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ဧပြီ ၂၇ ရက်၌ မော်စကိုမြို့တော်၌ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုအဖြစ်အပျက်တွေမှာ ပြည်ပနိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ပြီး ကျနော်တို့လက်မခံနိုင်တဲ့ မဟာ ဗျူဟာမြောက် ခြိမ်းခြောက်မှုတွေ ဖန်တီးလာရင် အဲဒီထိုးနှက်ချက်တွေအတွက် ကျနော်တို့တုံ့ပြန်မှုက လျှပ်တစ်ပြက်အတွင်း ချက်ချင်းတုံ့ပြန်သွားမယ်ဆိုတာ သူတို့သိထားသင့်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

“အဲဒီလို ချက်ချင်းလက်ငင်း တုံ့ပြန်ဖို့အတွက်က ကျနော်တို့မှာ လက်နက်ကိရိယာအားလုံးရှိပြီးသား။ ဒီလို လက်နက်ကိရိယာတွေဆိုတာ ကျနော်တို့က လွဲပြီး ဘယ်သူမှ ထုတ်မကြွားရဲကြဘူးဗျ။ တကယ်လို့ လိုအပ်လာ ရင်တော့ အဲဒါတွေကို ကျနော်တို့ သုံးတော့မှာ” ဟု ပူတင်က မည်သည့်ကိရိယာမျိုးဟု အတိအကျမဖော်ပြဘဲ သတိပေးခဲ့သည်။

ထိုသို့ တုံ့ပြန်နိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်စရာ ဆုံးဖြတ်ချက်အားလုံးကိုလည်း ရုရှားအာဏာပိုင် များအနေဖြင့် အသင့်ချမှတ်ပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မော်စကိုသည် ၎င်း၏ခေတ်မီဆန်းသစ်သော RS-28 Sarmat တိုက်ချင်းပစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။နျူကလီးယားစွမ်းရည် သယ်ဆောင်နိုင်သော အဆိုပါလက်နက် အသစ်သည် အေဗန်ဂက် (Avangard) စနစ်ဖြင့် အသံထက်မြန်သည့်အလျင်နှုန်းရှိပြီး ဝေဟင်၌ ပျံသန်းသွားစဉ် လှုပ်ရှားပေါက်ကွဲနိုင်၍ လက်ရှိလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်ကျော်လွှားနိုင်ကြောင်း သိရသည်။
လတ်တလော အနိမ့်ဆုံးအားဖြင့် အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်များသည် ရုရှားကဲ့သို့ အသံထက်မြန် သော လက်နက်များ တပ်ဆင်ထားနိုင်ခြင်း မရှိသေးပေ။

ရုရှားစစ်ရေးပဋိပက္ခ စတင်လိုက်ကတည်းက အနောက်အုပ်စုနိုင်ငံများသည် ကိယက်ဗ်မြို့တော်ထံသို့ တင့်ကားနှင့်လေယာဉ်ပစ် ဒုံးကျည်စနစ်များ၊ သံချပ်ကာယာဉ်များ၊ ဟောင်ဝစ်ဇာ(အမြောက်)များအပါအဝင် လက်နက်ပေါင်းစုံကို တက်ကြွစွာဖြင့် ပံ့ပိုးလျက်ရှိနေသည်။

ထို့ပြင် အနောက်အုပ်စုသည် ရုရှား၏စစ်ရေးလှုပ်ရှားမှု ငွေကြေးအင်အား ချိနဲ့စေရန် ရည်ရွယ်လျက် ပြင်းထန်သော စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော် ရုရှားနှင့် တိုက်ရိုက်စစ်ရေးပဋိပက္ခဖြစ်မည့်အရေး ရှောင်လွှဲလိုသဖြင့် ယူကရိန်းနယ်မြေထဲတွင် နေတိုး တပ်ဖွဲ့များ မြေပြင်ကြည်းတပ် (သို့မဟုတ်) လေတပ် ပါဝင်ပတ်သက်ခြင်းကို ဝါရှင်တန်က တားမြစ်ထားသည်။

“နေတိုးဟာ လက်နက်တပ်ဆင်ပေးပြီးတော့ ရုရှားနဲ့ (တိုက်ရိုက်မဟုတ်တဲ့) တစ်ဆင့်ခံစစ်ပွဲ (proxy) ခင်းကျင်း နေတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ဧပြီ ၂၆ ရက်တွင် စွပ်စွဲခဲ့သည်။

Source: အာရ်တီသတင်းဌာန