CNI International News

ကိယက်ဗ်၊ မေ ၁၄

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းကနေ ရုရှားပြန်ဆုတ်ပေးဖို့ မည်သည့်ဆွေးနွေးမှုမျိုးမဆို အစပျိုးသင့်ပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

“ ကျနော်က ပူတင်နဲ့ စကားပြောဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် သူ့အတွက် အဆင်သင့်ဖြစ်တယ်လို့ပဲ ပြောပါတယ်။ သူနဲ့ ကြားခံလူမပါဘဲ ဆွေးနွေးမှုဘောင်အတွင်းက ရာဇသံပေးတာမျိုးတော့ မဟုတ်ဘူးဗျ ” ဟု မေလ ၁၃ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အီတလီ RAI 1 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယင်း အင်တာဗျူးရုပ်သံကို ယူကရိန်းနိုင်ငံတွင်လည်း ပြသခဲ့သည်။

ယူကရိန်းနှင့် ရုရှားတို့သည် မတ်လ ၂၉ ရက်နောက်ပိုင်း မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တုံ့ဆိုင်း နေခဲ့သည်။

ရုရှားစေ့စပ်ညှိနှိုင်းရေးမှူး ဗလာဒီမာမက်ဒင်စကီက ယူကရိန်းနှင့်ငြိမ်းချမ်းဆွေးနွေးနေခြင်းကို အဝေးမှနေ၍ ဆက်လုပ်နေကြောင်း ပြောကြားခဲ့သည်ဟု မေလ ၉ ရက်၌ အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ပဋိပက္ခအဆုံးသတ်ရေးစေ့စပ်ညှိနှိုင်းမှုများ၏တိုးတက်မှုလမ်းကြောင်း၌ ကိယက်ဗ်အစိုးရကို အဓိကအားဖြင့် ပိတ်ဆို့ထားသလိုဖြစ်နေကြောင်း ဂျာမန်ဝန်ကြီးချုပ် အိုလာရှော့ဇ်က ပူတင်သို့ မေလ ၁၃ ရက်တွင် တယ်လီဖုန်း ဖြင့် ပြောကြားခဲ့ကြောင်း ကရင်မလင်သမ္မတနန်းတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ အိုလာရှော့ဇ်က ကိ ယက်ဗ်ဘက်မှ တိုးတက်မှုမဖြစ်ပေါ်လာခြင်းအတွက် မော်စကိုအား အပြစ်တင်နေခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာများနှင့်ပတ်သက်၍ ယခုရက်သတ္တပတ်များအတွင်း အများသိအောင် ပြောကြားခဲ့သည့် သဘောထားမှတ်ချက်များတွင် ဇာလန်းစကီးက “ယူကရိန်းသည် မိမိ၏ပိုင်နက်နယ်မြေများ အခိုင်အမာတည်ရှိမှုကို အလျှော့မပေးကြောင်း” အတိအလင်း မှတ်ချက်ပေးခဲ့သည်။

ပူတင် နှစ်ထောင်းအားရဖြစ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ယူကရိန်းအနေဖြင့် လိုက်လျောသင့်ကြောင်း ပါရီ၏အကြံပြုချက်ကိုလည်း ဇာလန်းစကီးက ပယ်ချခဲ့သည်။

“ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက လာကျူးကျော်တဲ့နယ်မြေကနေ ရုရှားတွေ အမြန်ဆုံး ထွက်သွားပါ။ ဒါက ဘာပဲ ဆွေးနွေး၊ ဆွေးနွေး …. ပထမဆုံးလှမ်းရမယ့် ခြေလှမ်းပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားတို့သည် မာရီယူပေါလ်မြို့ကို သိမ်းပိုက်ထားသော ယူကရိန်းမြောက်ပိုင်းနှင့်အရှေ့ဘက်သို့ တပ်များ ဆက်လက်ချီတက်နိုင်ဖို့ မနည်းအားယူနေရသည်။

ရုရှားသည် ယူကရိန်းနှင့်ဆက်စပ်တည်ရှိသော ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခုအခါ ယူကရိန်းအရှေ့ခြမ်း ဒွန်ဘတ်စ်ဒေသရှိ နယ်မြေနှစ်ခုကို “ပြည်သူ့သမ္မတ” နိုင်ငံများအဖြစ် ခွဲထွက်ရေး သမားဘက်မှ ထောက်ခံကြေညာပေးခဲ့သည်။

Source: Reuters