CNI International News

ကိယက်ဗ်၊ မေ ၁၇

မာရီယူပေါလ်ဆိပ်ကမ်းမြို့တွင် နောက်ဆုံးအမာခံနယ်မြေအဖြစ် သံမဏိစက်ရုံကို စောင့်ကြပ်ခုခံခဲ့ကြသည့် တိုက်ခိုက်ရေးသမား ၂၆၀ ကျော်ပါ ယူကရိန်းတပ်ရင်းသည် မေလ ၁၆ ရက်၌ ၎င်းတို့ စစ်ရေးတာဝန်ပြီးဆုံး ကြောင်း ကြေညာခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ဒဏ်ရာပြင်းထန်သူများအပါအဝင် အချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း၊ အချို့ကို ရုရှားထိန်းချုပ်မှု အောက်ရှိ ဒေသများသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်နယ်မြေသို့ ခေါ်ဆောင်ရွှေ့ပြောင်းပေးခြင်းမှာ ရုရှားတိုက်ခိုက်မှုကို ရက်သတ္တပတ်များစွာ ကြံ့ကြံ့ခံခဲ့ရသူများ၏အသက်များကို ကယ်တင်ရန်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောကြားခဲ့သည်။

ဒဏ်ရာပြင်းထန်သူအချို့မှာ ထိရောက်စွာ ဆေးကုသပေးရန် အထူးလိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ယူကရိန်း အသက်ဆက်နိုင်ဖို့ ယူကရိန်းသူရဲကောင်းတွေ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ သဘောထားပဲ ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက အတိအလင်းပြောကြားခဲ့သည်။

ကယ်ဆယ်ရေး ရောက်ရှိလာမှုကို စောင့်ဆိုင်းနေရသော ယူကရိန်းဘက်မှ တိုက်ခိုက်ရေးသမား အရေအတွက်မှာလည်း အတော်အတန် ကျန်ရှိနေသေးသည်။

ဆွီဒင်နှင့်အတူ ဖင်လန်က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သဖြင့် မော်စကိုသည် လက်ရှိစစ်ပွဲ၌ နောက်ထပ်သံတမန်ရေးရာ ဆုတ်ယုတ်လာခဲ့ရာ ယူကရိန်းခံစစ်သမားများလည်း သံမဏိစက်ရုံအတွင်းမှ ထွက်လာနိုင်ခဲ့ကြသည်။

ယခုအခါ ရုရှားနှင့်ယူကရိန်းနယ်စပ်ဖြစ်သော ခါကိဗ်ဒေသသို့ ရုရှားတပ်များ အပြောင်းအရွှေ့လုပ်လိုက်သဖြင့် ယူကရိန်းတပ်ဖွဲ့များအတွက် စစ်ရေးအမြတ် ထွက်လာခဲ့သည်။

သို့သော်လည်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်ဘတ်စ် စက်မှုအချက်အချာဒေသရှိ ပစ်မှတ်များကို ဆက်လက်ဖြိုခွင်းနေခဲ့ရာ စစ်ပွဲကာလ ရက်သတ္တ ၁၂ ပတ်အထိ သေဆုံးသူအရေအတွက်မှာ ထောင်နှင့်ချီ၍ တိုးလာနေဆဲဖြစ်သည်။

မာရီယူပေါလ်မြို့၊ အဇော့ဗ်စတယ် (Azovstal) သံမဏိစက်ရုံမှ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၅၃ ဦးကို ၎င်းမြို့၏အရှေ့ဘက် နိုဗိုအဇိုဆက်ဒေသရှိ ဆေးရုံတစ်ရုံသို့ တင်ပို့ခဲ့ကြောင်း ယူကရိန်းလက်ထောက် ကာကွယ် ရေးဝန်ကြီး ဟန်နာမာလိုင်ယာ (Hanna Maliar) က ပြောကြားခဲ့သည်။

လူသားချင်းစာနာမှုစင်္ကြန်လမ်းမှတစ်ဆင့် အိုလန်နစ်ဗ်ကာဒေသသို့ နောက်ထပ် ယူကရိန်းဘက်မှ တိုက်ခိုက် ရေးသမား ၂၁၁ ဦးကို ရွှေပြောင်းပေးနိုင်ခဲ့သည်။

“မာရီယူပေါလ်မြို့ကနေ ခုခံကာကွယ်ပေးသူတွေဟာ အမိန့်ပေးထားတဲ့အတိုင်း စစ်ရေးတာဝန်(မစ်ရှင်)အားလုံးကို ပြီးပြည်စုံအောင် ထမ်းဆောင်နိုင်ခဲ့ကြပါတယ်” ဟု ဟန်နာမာလိုင်ယာက အသိအမှတ်ပြုပြောကြားခဲ့သည်။

Source: AP