CNI International News

ကိယက်ဗ်၊ မေလ ၂၅

ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ရှိ တိုက်တာအဆောက်အအုံအပျက်အစီးများကို ရှင်းလင်းတူးဖော်နေသော အလုပ်သမားများက မြေအောက်ခန်းထဲမှ အလောင်း ၂၀၀ တွေ့ခဲ့ရကြောင်း ယူကရိန်းအာဏာပိုင်များက မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ယင်းဖြစ်စဉ်သည် ၃ လကြာ ဖြစ်ပွားခဲ့သော စစ်ပွဲ၌ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့ရသော မာရီယူပေါလ်မြို့ အတွက် ထိတ်လန့်စရာမြင်ကွင်းများ ပိုမိုပေါ်လွင်လာစေခဲ့သည်။

အလောင်းများမှာ ပုပ်ပွနေပြီး အနီးတဝိုက် အနံ့အသက်များ ပျံ့နှံ့နေကြောင်း မာရီယူပေါလ်မြို့တော်ဝန်၏ အကြံပေးပုဂ္ဂိုလ် ပီထရိုအန်ထရီစချန်ကို (Petro Andryushchenko) က ပြောသည်။

ထိုအလောင်းများကို မည်သည့်အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ရှင်းပြခြင်းမရှိသော်လည်း သေဆုံးသူ အရေအတွက်မှာ စစ်ပွဲအတွင်း အသေအပျောက်အများဆုံးတိုက်ခိုက်ခံရမှုထဲမှ တစ်ခုဖြစ်ကြောင်း မီဒီယာများကို အသိပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်ဘက်စ်စက်မှုဒေသတွင် မော်စကိုတပ်များက သိမ်းပိုက်ရန် ဦးတည်ချက်ဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရုရှားတို့သည် အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ရှိသည့် စက်မှုမြို့တစ်မြို့ကို သိမ်းပိုက်ခဲ့ပြီး ဆက်လက်ပြီး စီးဗီးရိုဒွန်နက်ဆက်နှင့် အခြားမြို့များကို ဝိုင်းရံပိတ်ဆို့၍ အပြင်းအထန် ထိုးစစ်ဆင်နေခဲ့သည်။ ဒွန်နက်ဆက် ဒေသတွင် ရုရှားဘက်မှ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးကြောင်း ဒေသန္တရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ဒွန်နပ်ခ်စပ်ဒေသတွင် ရုရှား၏ပစ်ခတ်မှုအတွင်း ပေါက်ကွဲပျက်ဆီးခဲ့သည့် အဆောက်အဦများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဒွန်ဘတ်စ်ဒေသကြီးလက်အောက်ရှိ လူဟန်ဆက်ဒေသအုပ်ချုပ်ရေးမှူးက “မိမိဒေသသည် ခွဲထွက်ရေးသမား များ၏တိုက်ပွဲများဖြစ်ပွားပြီး ၈ နှစ်အတွင်း ယခုကာလမှာ အခက်ခဲဆုံးကာလအဖြစ် ရင်ဆိုင်နေရကြောင်း” ပြောကြားခဲ့သည်။

“ရုရှားတွေဟာ တစ်ချိန်တည်းမှာ လမ်းကြောင်းပေါင်းစုံကို ချီတက်နေပါတယ်။ သူတို့ဟာ တရှူးထိုး တိုက်ခိုက် မယ့်သူတွေနဲ့ စစ်လက်နက်ကိရိယာတွေ အများကြီး ယူလာပါတယ်။ သူတို့က ကျနော်တို့ဒေသထဲ ကျူးကျော်ပြီး မြို့ခံလူထုကို ပစ်သတ်နေပါတယ်။ ပတ်ဝန်းကျင်က အရာအားလုံးကို ဖျက်ဆီးပစ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လူဟန်ဆက်သည် မာရီယူပေါလ်ကဲ့သို့ပင် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းတိုက်ခိုက်ရေးသမား ၂၅၀၀ ခန့်သည် ၎င်းတို့ကြံ့ကြံ့ခံခဲ့သော သံမဏိစက်ရုံကို လက်နက်ချ စွန့်လွှတ် ခဲ့ပြီးနောက် ၃ လကြာ အဝိုင်းခံထားခဲ့ရသော မာရီယူပေါလ်မြို့အပေါ် ရုရှားတို့စစ်ရေးဖိအား အဆုံးသတ်သွားခဲ့သည်။

မာရီယူပေါလ်မြို့တွင် စစ်မဖြစ်မီက လူဦးရေ ၄၅၀,၀၀၀ (လေးသိန်းငါးသောင်း) ရှိခဲ့ရာမှ ရုရှားတို့ စတင်ပိတ်ဆို့ ဝိုင်းရံစဉ်၌ ခန့်မှန်းခြေ လူ ၁၀၀,၀၀၀ (တစ်သိန်း) ခန့် မြို့ထဲတွင် ကျန်နေခဲ့သည်။ အများစုမှာ ရုရှားတပ်များ အဝိုင်းခံနေရစဉ်ကာလတလျှောက်လုံး အစားအစာ၊ သောက်သုံးရေ၊ အပူပေးစနစ် (သို့မဟုတ်) လျှပ်စစ် အနည်း ငယ်ဖြင့် ပိတ်မိနေခဲ့ရသည်။

Source: AP