CNI International News

ကိယက်ဗ်၊ မေလ ၁၂

ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့ရှိ အဇော့စတယ် သံမဏိစက်ရုံကို ရုရှားက လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေပြီး ယူကရိန်းအရှေ့ပိုင်းရှိ မြို့ကြီးများသို့လည်း ချီတက်နေကြောင်း ယူကရိန်းစစ်တပ်က ယနေ့(မေလ ၁၂ ရက်) ပြောကြားခဲ့ သည်။

ပြိုကျပျက်စီးနေသော မြို့ရှိ စက်ရုံအတွင်း ပြင်းထန်စွာ ဒဏ်ရာရပြီး ပိတ်မိနေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်း ပေးရန် ကမ်းလှမ်းနေချိန်၌ ဗုံးကြဲတိုက်ခိုက်မှုများ ရုရှားက ဆက်တိုက် ပြုလုပ်နေခဲ့သည်။

မာရီယူပေါလ်မြို့ရှိ ယူကရိန်း၏ နောက်ဆုံး ခုခံစစ်၌ ပိတ်မိနေသော တိုက်ခိုက်ရေးသမားများ လွတ်မြောက်အောင် ညှိနှိုင်း မှုများ လုပ်နေကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အီညှာဗီရက်ချော့ဗ်က ပြောကြားခဲ့သည်။

မြို့ပြင်သို့ အရွှေ့အပြောင်း လုပ်ရမည့် လမ်းကြောင်း အားလုံးကို ရုရှားတပ်ဖွဲ့များ ပိတ်ဆို့ထားကြောင်း၊ လတ်တလော အခြေ အနေတွင် လူနေထိုင်ရန် သင့်လျော်သည့် တိုက်ခန်း အနည်းအကျဉ်းသာ ကျန်တော့ကြောင်း၊ အစားအသောက် (သို့မဟုတ်) သောက်ရေသန့် အတန်ငယ်သာ ရှိတော့ကြောင်း၊ ဒေသခံအချို့ကို ရုရှားတပ်များနှင့် ရိက္ခာလဲလှယ်ရန် ပူးပေါင်း ဆောင်ရွက် နေကြောင်း မာရီယူလ်ပေါလ် မြို့တော်ဝန်၏ အကြံပေးပုဂ္ဂိုလ် ပက်ထရိုအန်ဒရီစချန်ကိုက ပြောကြားခဲ့သည်။

သေဆုံးသွားသူကို သယ်နေ(AP)

နိုင်ငံ၏မြောက်ပိုင်း ချာနီဟက်ဗ် ဒေသ၌လည်း ညလုံးပေါက် လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ယူကရိန်းပြည်တွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

အလားတူ နော့ဟိုရော့ စီဗာစကီမြို့၌ တိုက်ခိုက် ခံခဲ့ရသဖြင့် လူနေ ဘော်ဒါဆောင်၊ အိပ်ဆောင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသန္တရာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားကျူးကျော်စစ် ၇၈ ရက်မြောက်နေ့တွင် ရုရှားတပ်ဖွဲ့များသည် မာရီယူပေါလ်မြို့ရှိ အရပ်သားများ ခိုလှုံနေသည့် ဇာပို ဇက်ဇီးယား နယ်မြေဘက်သို့ အမြောက်များ၊ ဗုံးများ ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု စွပ်စွဲချက်ပေါင်း ၁၀,၇၀၀ ကျော် စုံစမ်းစစ်ဆေးနေပြီး သံသယရှိသူ ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရ ရှေ့နေချုပ် အီညှာဗီနီဒစ်တိုဗာ၏ရုံးက သတင်းထုတ်ပြန်ထားသည်။

Source: AP