CNI International News

မော်စကို၊ မေလ ၂၈

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်မည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အလက်ဇန္ဒား အာလီမော့ဗ် (Alexander Alimov) အား အမေရိကန်က ဗီဇာထုတ်ပေးရန် ပျက်ကွက်ခဲ့ခြင်းအပေါ် ရုရှားက ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကြီးကြပ်ရသူဖြစ်သည့် အာလီမော့ဗ်သည် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရုရှားနိုင်ငံ ကိုယ်စားပြု တက်ရောက်ရမည် ဖြစ်သော်လည်း ဗီဇာမရခဲ့ကြောင်း ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဗာစီလီ နီဘန်ဇီယာ (Vassily Nebenzia) က မေလ ၂၆ ရက်တွင် လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

“သူ့ကို ဗီဇာထုတ်ပေးဖို့ အမေရိကန်ကို ကျနော်တို့ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဗီဇာထုတ်မပေးခဲ့ပါ ဘူး” ဟု နီဘန်ဇီယာက ပြောကြားခဲ့သည်။

၁၉၄၇ ခုနှစ်တွင် နယူးယောက်မြို့၌ ကုလသမဂ္ဂဌာနချုပ် တည်ထောင်ရန် ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အရ ကုလသမဂ္ဂဆိုင်ရာ အခမ်းအနားများသို့ တက်ရောက်ရန် လာရောက်သည့် နိုင်ငံခြားသံတမန်များကို အမေရိကန် နိုင်ငံအနေဖြင့် ဗီဇာခ ကောက်ခံခြင်းမရှိဘဲ အမြန်ဆုံး ထုတ်ပေးရမည့် သဘောတူညီချက် ပါဝင်သည်။

ယခုတွင် အာလီမော့ဗ်အား ဗီဇာမပေးခြင်းသည် ထိုသဘောတူညီချက်ကို ချိုးဖောက်ရုံသာမက မေလအတွင်း လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် တရုတ်နိုင်ငံကိုပါ စော်ကားရာရောက်ကြောင်း နီဘန်ဇီယာက ပြောကြားခဲ့သည်။

ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဗာစီလီ နီဘန်ဇီယာကို တွေ့ရစဉ်

“ဘယ်အရာရှိကိုမဆို၊ ဘယ်အဖွဲ့ဝင် နိုင်ငံကိုမဆို ကုလသမဂ္ဂဌာနချုပ်ကို ချွင်းချက်မရှိ လာရောက်ခွင့် ပေးရမယ် လို့ သတ်မှတ်ထားတဲ့ ကုလသမဂ္ဂဌာနချုပ်ဆိုင်ရာ သဘောတူညီချက်အရ ဒါဟာ အမေရိကန်ရဲ့ တာဝန်ဝတ္တရား တွေကို ချိုးဖောက်မှု တစ်ခုအဖြစ် ရှုမြင်ယုံသာမကဘဲ လုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ တရုတ် နိုင်ငံကိုပါ လုံးဝလေးစားမှုမရှိတဲ့ ဆိုးရွားတဲ့ ဥပမာတစ်ခု အနေနဲ့လည်း ရှုမြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အယ်လ်ဂျာဇီးယား သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

ယခုကဲ့သို့ ဗီဇာကိစ္စဆိုင်ရာ အငြင်းပွားမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် တွန်းအားပေး လုပ်ဆောင်နေပြီး အမရိကန်နှင့် ရုရှားကြား တင်းမာမှုများ လျော့ပါးနေချိန် တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ပုံမှန် စကားပြောဆိုလေ့ ရှိသော်လည်း အမေရိကန်သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုများကို ဆက်လက် ပြဋ္ဌာန်းထားဆဲ ဖြစ်သည်။

Source: ရိုက်တာ