CNI International News

ပြုံယမ်း၊ မေလ ၂၈

မြောက်ကိုရီးယားနိုင်ငံသည် ခေတ်သစ် စစ်ပွဲများအတွက် ရည်ရွယ် ထုတ်လုပ်ထားသည့် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များ၊ ရော့ကတ်များနှင့် ပစ်မှတ် တိကျသေချာသော AI နည်းပညာသုံး ခရုစ်ဒုံးကျည်များကို စမ်းသပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များနှင့် နျူကလီးယားလက်နက် စွမ်းဆောင်ရည်များကို ဆက်တိုက် တိုးမြှင့်လာခဲ့ပြီးနောက် ယခုအခါတွင် ၎င်းတို့၏ နည်းဗျူဟာမြောက် လက်နက်များနှင့် သမားရိုးကျ စစ်လက်နက်ပစ္စည်းများကိုလည်း တောင်ကိုရီးယား နယ်စပ်အနီး၌ ဖြန့်ကြက်ချထားမည်ဟု ကတိပြုထားသည်။

ယခုစမ်းသပ်မှုများသည် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်ထားသည့် လက်နက်ထိပ်ဖူးများ၏ ပြင်းအား၊ တာဝေးပစ် ဒုံးပစ်အမြောက်မြား၏ စိတ်ချရမှုနှင့် AI နည်းပညာသုံး နည်းဗျူဟာမြောက် ခရုစ်ဒုံးကျည် များ၏ တိကျမှုတို့ကို ဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မေလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စမ်းသပ်မှုများအရ လက်နက်စနစ်များကို ခေတ်သစ်စစ်ပွဲ၏ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့ ကြောင်း KCNA မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားထုတ် ဒုံးကျည်များကို ကင်မ်ဂျုံအန် စစ်ဆေးနေစဉ်

အထူးသဖြင့် ယခုလက်နက်များ စမ်းသပ်မှုသည် တောင်ကိုရီးယား နယ်စပ်အနီးရှိ အမြောက်တပ်ဖွဲ့များတွင် ဖြန့်ကြက်ချထားမည့် ခရုစ်ဒုံးကျည်များ၏ တိုက်ပွဲဝင် အသင့်အနေအထားကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ထိုဒုံးကျည် များတွင် ကီလိုမီတာ ၁၀၀  (၆၂ မိုင်) အကွာအဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် တိကျသော လမ်းညွှန် စနစ်နှင့် AI နည်းပညာသုံး ထိန်းချုပ်မှုများ တပ်ဆင်ထားကြောင်း ကင်မ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေ သိပ်သည်းလှသော ဆိုးလ်မြို့တော်သည် မြောက်ကိုရီးယားနှင့် နယ်စပ်ဖြစ် သော စစ်မဲ့ဇုန်နှင့် ကီလိုမီတာ ၁၀၀ အကွာအဝေးအတွင်း တည်ရှိနေသည်။

ခရုစ်ဒုံးကျည်များတွင် တပ်ဆင်ထားသည့် ပစ်မှတ်ရှာဖွေ ထိန်းချုပ်ရေးစနစ်တွင် AI နည်းပညာကို ထည့်သွင်း အသုံးပြုထားကြောင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

“ဒါက ပစ်မှတ်ကို ခွဲခြားတဲ့နေရာနဲ့ ဒုံးကျည်ကို လမ်းညွှန်တဲ့ နေရာတွေမှာ AI ကို အသုံးပြုတာမျိုး ဖြစ်ပါတယ်” ဟု Asan Institute for Policy Studies မှ စစ်ရေးကျွမ်းကျင်သူ ရန်အွတ် (Yang Uk) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း ၎င်းတို့၏ ဒရုန်းများတွင် AI နည်းပညာကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ ဖူးသည်။

Source: ရိုက်တာ