CNI International News

ဆိုးလ်၊ ဩဂုတ် ၂၇

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)သည် ပစ်မှတ်ကို ဝင်တိုက်ပြီး ဖောက်ခွဲဖျက်ဆီး သည့် အသေခံဒရုန်း (suicide drone) အမျိုးအစားအသစ်များ စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် မောင်းသူမဲ့ယာဉ်များအတွက် AI နည်းပညာများ ထုတ်လုပ်ရန်လည်း သုတေသနပညာရှင်များကို တိုက်တွန်းခဲ့သည်။

ဩဂုတ် ၂၄ ရက်က ကင်မ်သည် မြောက်ကိုရီးယား၏ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီ၏ ဒရုန်းဌာနကို သွားရောက် ခဲ့ပြီး အသေခံဒရုန်းများက သတ်မှတ်ထားသည့် ပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်ခဲ့သော  စမ်းသပ်မှုများကို ကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

 အသေခံဒရုန်းပစ်လွှတ်နေစဉ်

ထို့ပြင် ကင်မ်က မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များ၊ မဟာဗျူဟာမြောက် ကင်းထောက်ဒရုန်းများနှင့် ဘက်စုံ သုံး ဒရုန်းများကဲ့သို့ နည်းဗျူဟာမြောက် ခြေလျင်တပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့များအတွက် အသုံးပြုနိုင် မည့် အသေခံဒရုန်းများကို ပိုမိုထုတ်လုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်ပြီး ပစ်မှတ်ကိုဝင်တိုက်ကာ ဖောက်ခွဲဖျက်ဆီးသည့် ထိုအသေခံဒရုန်းများ သည် ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် လက်နက်များ ဖြစ်သည်။

အခြေခံအားဖြင့် အသေခံဒရုန်းများသည် ဖောက်ခွဲရေးပစ္စည်းများကို တင်ဆောင်ပျံသန်းကာ သတ်မှတ်ထားသည့် ပစ်မှတ်၏ တည်နေရာကို သွားရောက်ပြီး ပစ်မှတ်အား ဒရုန်းပေါ်ရှိ လက်နက်ထိပ်ဖူးဖြင့် ဝင်တိုက်ကာ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်။

နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မတူညီသည့် အသေခံဒရုန်း အမျိုးအစား ၄ ခုကို ပြသထားပြီး အချို့ဒရုန်းများသည် မြေပေါ်မှ ပျံမတက်မီ အသေးစားဒုံးအင်ဂျင်၏ အကူအညီဖြင့် ပစ်လွှတ်ရသည့် ဒရုန်း အမျိုးအစားများ ဖြစ်သည်။

အသေခံဒရုန်းကို တွေ့ရစဉ်

မြောက်ကိုရီးယား၏ ဒရုန်းများသည် ရုရှား၏ ZALA Lancet ဒရုန်း၊ အီရန်၏ Shahed ဒရုန်းများနှင့် အသွင်အပြင် ဆင်တူမှု ရှိ/မရှိကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

"အတိတ်ကာလက မြောက်ကိုရီးယားနဲ့ ရုရှားအကြား ဆက်ဆံရေး ဖလှယ်မှုတွေအရ ရုရှားဟာ မြောက်ကိုရီးယား ကို ဒရုန်းအချို့ လက်ဆောင်ပေးခဲ့တယ်ဆိုတာ ကျနော်တို့ သိရှိထားပါတယ်။ အဲဒီဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ လေ့လာမှုတွေ လုပ်ဖို့လိုပါတယ်" ဟု JCS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ ယခုအကြိမ်သည် မြောက်ကိုရီးယား၏ အသေခံ ဒရုန်းများကို ထုတ်ဖော်ပြသသည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Source: ရိုက်တာ