CNI International News

ပြုံယမ်း၊ မတ်လ ၁၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် မတ်လ ၁၄ ရက်က ၆၀၀ မမ ကာလီဘာ အတွဲလိုက် ဒုံးပစ်လောင်ချာ ၁၂ စင်း စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး နောက် မြောက်ကိုရီးယား၏ ဒုံးပစ်လောင်ချာများ စမ်းသပ်သည့် သတင်းအား မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယခု ဒုံးကျည် ပစ်ခတ်မှုများသည် ကီလိုမီတာ ၄၂၀ အကွာအဝေးအတွင်းရှိ ရန်သူများကို စိတ်သောက ရောက်စေ မည်ဖြစ်ကာ မြောက်ကိုရီးယား၏ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ၏ ဖျက်အားပြင်း စွမ်းရည်ကို နားလည် သဘောပေါက် သွားစေလိမ့်မည်ဟု ကင်မ်က ပြောကြားခဲ့သည်။

KCNA သတင်းဌာနမှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ကင်မ်နှင့်အတူ ၎င်း၏သမီးဖြစ်သည့် ကင်မ်ဂျူအဲ (Kim Ju Ae) တို့သည် လက်နက်စမ်းသပ်မှုများကို ကြည့်ရှုနေကြသည်ကို တွေ့ရသည်။

ဒုံးပစ်လောင်ချာ စမ်းသပ် ပစ်ခတ်မှုကို တွေ့ရစဉ်

ကင်မ်ဂျူအဲသည် ကင်မ်ဂျုံအန်ထံမှ မြောက်ကိုရီးယား ခေါင်းဆောင်ရာထူးကို ဆက်ခံဖွယ်ရှိသူဖြစ်ကြောင်း ထင်ကြေး ပေးခံထားရသူ ဖြစ်သည်။

အတွဲလိုက် ဒုံးပစ်လောင်ချာများဖြင့် ပစ်ခတ်လိုက်သော ဒုံးကျည်များသည် ၃၆၄ ဒသမ ၄ ကီလိုမီတာ အကွာအဝေးရှိ အရှေ့ပင်လယ် (East Sea) အတွင်းမှ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားစစ်တပ်ကမူ မြောက်ကိုရီးယားသည် နိုင်ငံ၏ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်များကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ပြုံးယမ်းမြို့တော်အနီးရှိ နေရာတစ်ခုမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၃၅၀ ခန့် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ညီမ ဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) ကလည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေပြီး၊ ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

သို့သော် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကမူ ထိုစစ်ရေး လေ့ကျင့်မှုများသည် ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ပြီး မြောက်ကိုရီးယား၏ စစ်ရေး ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး အသင့်အနေအထားတွင် ရှိနေစေရန် စမ်းသပ် စစ်ဆေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 Source: ရိုက်တာ