CNI International News

မော်စကို၊ မတ်လ ၂၀

ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် အပြန်အလှန် နားလည်မှုရရှိခဲ့ပြီး ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဆိုးရွားစွာ ထိခိုက်ခဲ့သည့် အမေရိကန်-ရုရှား ဆက်ဆံရေးကို တစ်ဆင့်ချင်းစီ ပြန်လည် ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပူတင်နှင့်ထရမ့်တို့သည် မတ်လ ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ပြီး ပူတင်က ယူကရိန်း၏ စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်မှုအား ယာယီရပ်နားရန် သဘောတူခဲ့သည်ဟု ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

သို့သော် ထရမ့်က အဆိုပြုပေးခဲ့သည့် ရုရှား-ယူကရိန်း ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို အတည်ပြုရန် ပူတင်က ငြင်းဆိုခဲ့သည်ဟု ပက်စ်ကော့ဗ်က ပြောသည်။

 ရုရှားနဲ့အမေရိကန် အလံကိုတွေ့ရစဉ်

“ယုံကြည်ချက်အပြည့်နဲ့ ကျနော် ပြောနိုင်တာကတော့ သမ္မတပူတင်နဲ့ ထရမ့်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်စွာ နားလည်ထားကြပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ကြပါတယ်။ ပြီးတော့ ရုရှား-အမေရိကန် ဆက်ဆံရေးကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်ထူထောင်ဖို့ ပူးပေါင်းဆောင်ရွက်သွားချင်နေကြပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောသည်။

နှစ်နိုင်ငံ သမ္မတနှစ်ဦးအကြား တိုက်ရိုက် ဖုန်းဆက်သွယ်မှုနှင့် ဗွီဒီယိုဆက်သွယ်မှုသည် အရေးကြီးကြောင်း၊ ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်ကမူ ထိုကဲ့သို့ ဆက်ဆံမှုများ မရှိသလောက် နည်းပါးခဲ့ ကြောင်းလည်း ပက်စ်ကော့ဗ်က ပြောသည်။

“ရုရှားနဲ့ အမေရိကန်ဟာ အရမ်းကြီးမားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အရင် အမေရိကန်အစိုးရ လက်ထက်ကတော့ ဆက်ဆံရေးတွေ ပျက်စီးခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန် သမ္မတနှစ်ဦး၏ ဆန္ဒနှင့်အညီ အချိန်ယူ ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် သမ္မတနှစ်ဦးက ဆက်ဆံရေးများကို ပြန်လည်ထိန်းသိမ်းရန် ပြင်းပြသည့် ဆန္ဒရှိနေ သဖြင့် အကောင်းဆုံး အာမခံချက်ရှိနေကြောင်း ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားအကြား နောက်ထပ်တစ်ကြိမ် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည့် နေ့စွဲများနှင့် ပုံစံ အနေအထားကိုမူ မကြာမီ သဘောတူညီမှု ရရှိလိမ့်မည်ဟုလည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Source: ရိုက်တာ