CNI International News
အစ္စတန်ဘူလ်၊ မတ်လ ၂၀
တူရကီအစိုးရက သမ္မတအာဒိုဂန် (Tayyip Erdogan) ၏ အဓိကပြိုင်ဘက်ဖြစ်သော အစ္စတန်ဘူလ် (Istanbul) မြို့တော်ဝန် အိုင်မာမိုဂလူ (Ekrem Imamoglu)ကို ဖမ်းဆီးလိုက်ခြင်းက အာဏာသိမ်းခြင်းဟု အတိုက်အခံပါတီ ဘက်မှ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စတန်ဘူလ်မြို့တော်ဝန် အိုင်မာမိုဂလူကို တူရကီအစိုးရက အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်အဖွဲ့ကို ကူညီပေးနေသည်ဆိုသည့် စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တူရကီနိုင်ငံမှ အဓိက အတိုက်အခံပါတီကမူ အိုင်မာမိုဂလူအား ဖမ်းဆီးထိန်းသိမ်းခြင်းသည် မိမိတို့၏ သမ္မတလောင်းကို အာဏာသိမ်းခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်ကြောင့် တူရကီအစိုးရသည် ၎င်းတို့အား ဝေဖန်သည့် အတိုက်အခံ ခေါင်းဆောင်များကို လပေါင်း များစွာကြာ ဖိနှိပ်နေသော အခြေအနေကို ပေါ်လွင်စေခဲ့သည်။
အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံခဲ့ရပြီးနောက် တူရကီ၏ လီရာ (lira) ငွေကြေးသည် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တစ်ဒေါ်လာလျှင် ၄၂ လီရာအထိ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် အာဒိုဂန် ၂၂ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီ၏ ပေါ်ထွန်းစ စျေးကွက်တွင် တရားဥပဒေစိုးမိုးမှု လျော့ကျလာမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
အိုင်မာမိုဂလူကို ပြန်လွှတ်ပေးဖို့ ထောက်ခံသူများက ဆန္ဒပြတောင်းဆိုနေကြစဉ်
အသက် ၅၄ နှစ်အရွယ် အိုင်မာမိုဂလူသည် ၎င်း၏ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ၏ တရားဝင် သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရက်ပိုင်းအတွင်း ခန့်အပ်ခံရဖွယ်ရှိနေသည်။
လက်ရှိတွင် သူသည် ရာဇဝတ် အဖွဲ့အစည်းကို ဦးဆောင်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တင်ဒါများကို အကြံအဖန် လုပ်မှု စွဲချက်များ အပါအဝင် စွဲချက် အများအပြားနှင့် စုံစမ်းစစ်ဆေးခံနေရသည်။
အာဏာပိုင်များက အစ္စတန်ဘူလ်မြို့တွင် ဆန္ဒပြမှုများကို ယာယီတားမြစ်ပိတ်ပင်ခဲ့ပြီး ရဲတပ်ဖွဲ့မှ လမ်းများကို ပိတ်ထားသည့်တိုင် လူပေါင်း ၁၀၀ ခန့်သည် အိုင်မာမိုဂလူအား ခေါ်ဆောင်သွားသည့် ရဲစခန်းရှေ့၌ စုရုံးဆန္ဒပြခဲ့ ကြသည်။
“တူရကီဟာ နောက်တက်မယ့် သမ္မတကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုကို လုပ်ဆောင်နေပါတယ်။ ကျနော်တို့က အာဏာ သိမ်းမယ့် အားထုတ်ကြိုးပမ်းမှုကို ရင်ဆိုင်တဲ့အနေနဲ့ အခုလို စုရုံးရောက်ရှိလာခဲ့တာပါ”ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ