CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉

မိမိတို့ နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေရသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ၌ ၎င်းက ပြောကြားထားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက “ မျက်မှောက်ကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုကြည့်ပါက စည်းလုံးညီညွတ်မှု အင်အားဖြင့် အခိုင်အမာ တည်ဆောက်ထားကြသည်ကို တွေ့ရှိနိုင်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက် ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှု အားနည်းပြီး ဖွံ့ဖြိုး တိုးတက်မှုနှင့် အလှမ်းဝေးနေဆဲ”ဟု ပြောသည်။

နစကဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီ(NMSP)ကို တွေ့ရစဉ်

ထို့နောက် နယ်မြေဒေသ အသီးသီးတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော် အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်နေကြရ‌ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော ပံ့ပိုးမှုများနှင့် သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများ အပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါ ကျရောက်နေပြီဖြစ်တယ်”ဟု ပြောသည်။

ယနေ့ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များအား နိုင်ငံနှင့်ပြည်သူအကျိုး ရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေး မှာကြားလိုကြောင်း ၎င်းက ပြောသည်။

နိုင်ငံသူ/နိုင်ငံသား အားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်သည် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

နစကဥက္ကဋ္ဌကို တွေ့ရစဉ်

ထို့နောက် နစကနှင့် အိမ်စောင့်အစိုးရကို ဖွဲ့စည်း၍ အုပ်ချုပ်လာခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး ဖြစ် သော်လည်း နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားခြင်း ပြန်လည် ရုပ်သိမ်းနိုင်မှု မရှိသေးပေ။

မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NLD  လွှတ်တော် အမတ်များ၊ NLD ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက နစကနှင့် မြန်မာ့ တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်လျက်ရှိသည်။

အဆိုပါ လက်နက်ကိုင် တိုက်ပွဲများသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် တို့မှာ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိပြီးတော့ လူနေအိမ်နှင့် အဆောက်အအုံပေါင်း သောင်းနှင့်ချီ မီးလောင် ပျက်စီး ဆုံးရှုံးထားသလို နယ်မြေချင်းဆက် သွားလာရေးများ တွင်လည်း လုံခြုံမှုအားနည်းလျက်ရှိနေသည်။