CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃

နိုင်ငံရေးအရ တောင်းဆိုလိုမှုများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဘဲ တွေ့ဆုံဆွေးနွေးမှရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Jary’s Cathedral Church ၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အတူယှဉ်တွဲနေထိုင်ကြသည့် လူအဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာ သည့် ပြဿနာကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင် စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည် မဟုတ်ကြောင်း” ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ထိုကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန် လိုကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းကို အားလုံးက လက်ခံကြကြောင်း၊ သို့သော် တွေ့ဆုံဆွေးနွေးရန် အင်အားစု တချို့ကို လက်မခံခြင်းနှင့် ငြင်းပယ်ခံရမှုများခံရခြင်းများကြောင့်လည်း လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လာ ကြခြင်းဖြစ်သည်ဟု သတိထားသင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “ တွေ့ဆုံ ဆွေးနွေးပြီးမှ အဖြေရှာရမယ်ဆိုတာ လူတိုင်း လက်ခံကြတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးကြည့် တယ် ဘာမှမရဘူး သူတို့တောင်းဆိုမှုကို ငြင်းပယ်ခံရတယ်။ မျက်ကွယ်ပြုခံရတယ်။ ဒီလိုမျိုးတွေဖြစ်လာတော့ လက်နက်ကိုင်မှ လူရာဝင်မယ်။ တန်းတူ ဆက်ဆံခံရမယ်လို့ အားလုံးက ခံယူလာကြတယ်။ လက်တွေ့လည်း အဲလိုဖြစ်လာနေတယ်။ နောက်တစ်ခုက အခု စစ်တပ်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ လက်ခံပြီး တွေ့ဆုံဆွေးနွေး လိုတဲ့ လက်နက်ကိုင်အင်အားစုတွေရှိတယ်။ အဲအဖွဲ့တွေကိုလည်း သူတို့က လက်မခံဘူး။ မျက်ကွယ်ပြုထား တယ်လို့ ကြားရတယ်။ သူတို့နဲ့ အဆင်ပြေတဲ့အဖွဲ့ ဒါမှမဟုတ် သူတို့ အရင်တုန်းက ဆွေးနွေးခဲ့ဖူးတဲ့ အဖွဲ့တွေ အဲလိုအဖွဲ့အစည်းတွေကိုပဲ လက်ခံမယ်။ အသစ်တွေ လက်မခံဘူးဆိုတာမျိုးတွေကလည်း ရှိနေတော့ ဘယ်လို အားလုံးပါဝင်ရေးဆိုတာ ဖြစ်တော့မှာလည်း။ ဘယ်လိုလို့ ဒီငြိမ်းချမ်းရေး အောင်မြင်တော့မှာလဲ။ အဲတော့ ငြင်း ခံရတဲ့အဖွဲ့ မျက်ကွယ်ပြုခံရတဲ့ အဖွဲ့တွေကလည်း ငါတို့ အင်အားကြီးအောင် လုပ်ရမယ်လို့ ယူဆသွားကြမှာပေါ့။ ဒါတွေကို စစ်တပ်ဘက်က သေချာ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး မြန်မာ့ တပ်မတော်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများအပေါ် စိတ်ဝင်စားမှု အားနည်းလျက်ရှိနေသည်။

အလားတူ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များမှာလည်း ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်ကာ တိုက်ပွဲများ ဖြစ်ပွားသည့် အနေအထား များပင် ရှိနေသည်။