CNI News

၂၀၂၅  ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

နစကဘက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား  ကိုင်ဆွဲပြီး ဆွေးနွေးနေသရွေ့ ပြေလည်စရာမရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒကို ဘေးဖယ်ကာ တိုင်းပြည်တည်ငြိမ်ရေးအတွက် ဆွေးနွေးပြီးသည့်နောက် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးအတွက် လမ်းဖွင့်ထားမည့် အနေအထားဆိုပါက တိုင်းရင်းသားလက်နက်ကိုင် အများစုအနေဖြင့် လက်ခံစဉ်းစားကြလိမ့်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။ 

ဦးစိုင်းလိတ်က “ဒါပေမယ့် အခြားတစ်ဖက်မှာ တိုင်းရင်းသားလက်နက်ကိုင် ဘယ်သူနဲ့ပဲဆွေးနွေး ဆွေးနွေးပေါ့ အဓိက,ကတော့ သူ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခံကနေ ဆွေးနွေးမယ်ဆိုရင် ဘယ်အဖွဲ့အစည်းနဲ့ပဲ ဆွေးနွေးတာဖြစ်စေ ပြေလည်စရာအကြောင်းမရှိဘူး။ အဲဒီတော့ ၂၀၀၈ ကို ခဏထားပြီးတော့မှ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက်ကို ရည်ရွယ်ပြီးတော့မှ dialogue ဖြစ်အောင် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက် အောင် ကြိုးပမ်းမယ်။ ပြီးတော့မှ အခြေခံဥပဒေသစ် ရေးဆွဲ‌ဖို့အတွက် ဝိုင်းဝန်းပြီး ပြန်စဉ်းစားကြမယ်ဆိုတဲ့ ရပ်တည်ချက်မျိုးနဲ့ ဆွေးနွေးမှသာလျှင် နှစ်ဦးနှစ်ဖက် ဆက်လက်ပြီး ရှေ့ဆက်သွားနိုင်မယ်လို့ မြင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ အကုန်လုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒကို လက်မခံဘူးလေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်းက ၂၀၀၈ ကို ပြင်ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး လမ်းကြောင်းကို သွားချင်ကြတာကို။ အဲဒါကြောင့် စကစအနေနဲ့ ၂၀၀၈ အခံပေါ်ကနေ မစဉ်းစားဘဲနဲ့ ၂၀၀၈ ကို ခဏဘေးဖယ်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးမယ်၊ ပြီးရင် ဖွဲ့စည်းပုံအသစ် ရေးဆွဲဖို့အတွက် လမ်းဖွင့်ထား မယ်ဆိုတဲ့ အနေအထားဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ အကုန်လုံး မဟုတ်တောင်မှ အတော်များများက ဒီအပေါ်မှာ လက်ခံပြီး စဉ်းစားကြလိမ့်မယ်လို့ ဆိုလိုတာပါ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတွေ့ရစဉ်

လက်ရှိတွင် နစကအနေဖြင့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် ဆွေးနွေးပြီးနောက် ယာယီအပစ်ရပ်ထားသော်လည်း ပလောင်တပ်ဖွဲ့(TNLA)နှင့် ပထမအကြိမ်ဆွေးနွေးမှုမှာ အဆင်မပြေခဲ့ကြောင်း၊ ထိုဆွေးနွေးမှုများတွင် အပေါ်စီးမှ ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများတွင် နစကဖက်မှ အပေါ်စီးကနေ ဆွေးနွေးမည်ဆိုပါက အောင်မြင်ရန် မလွယ် ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်းဆိုင်က “အခုလောလောဆယ် မတွေ့ဆုံ၊ မဆွေးနွေးရင် မရဘူးဆိုတာ မလွယ်ဘူးဆိုတာ နေပြည်တော် ကလည်း သိပါလိမ့်မယ်။ ဒါကြောင့်မို့လို့ သူတို့ ဘယ်ပုံဘယ်နည်းနဲ့လုပ်မလဲ။ တကယ်လို့ အခု MNDAA နဲ့ လုပ်တဲ့ ပုံစံ၊ TNLA နဲ့ လုပ်တဲ့ပုံစံက သတင်းထွက်လာတဲ့အတိုင်း ဖြစ်မယ်ဆိုရင် ဆွေးနွေးတဲ့ပုံစံဟာ အပေါ်စီးကနေ ဆွေးနွေးတာ ဖြစ်မယ်။ အပေါ်စီးကနေ ဆွေးနွေးတယ်ဆိုရင် အောင်မြင်ဖို့မလွယ်ဘူး။ ဒါကြောင့် နေပြည်တော်ကို စည်းကမ်း သတ်မှတ်မှု မရှိဘဲနဲ့ ဆွေးနွေးဖို့ တိုက်တွန်းချင်တယ်။ ဦးသိန်းစိန်တုန်းနဲ့ ဆွေးနွေး တုန်းကဆိုရင် စည်းကမ်းသတ်မှတ်ချက် ၁ ခုပဲရှိတယ်။ ခွဲမထွက်ရေးတစ်ခုပဲ ကျန်တာတွေအကုန်လုံး ဆွေးနွေးနိုင်တယ်ပေါ့။ အဲဒီတော့ လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ အခုဦးမင်းအောင်လှိုင်လည်း သူ့ရဲ့ အကိုကြီးဖြစ်တဲ့ ဦးသိန်းစိန်လိုပဲ လုပ်နိုင်လိမ့်မယ်လို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသည့်အခါ နစကဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆုပ်ကိုင်ထားသဖြင့် နယ်မြေတောင်းဆိုမှု၊ အချုပ်အခြာအာဏာ ထိခိုက်စေမည့် ကိစ္စရပ်များအပေါ် မလိုက် လျောနိုင်သည့်အတွက် အပေါ်စီးမှ ဆက်ဆံဆွေးနွေးသည့် အနေအထားဖြစ်ကြောင်းလည်း ထောက်ပြမှုများရှိ သည်။

နစကအနေဖြင့် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာ ဆွေးနွေးပြောဆိုကြရန် ကမ်းလှမ်းထား ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။