CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁    

ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပ‌ဒေအား နစက-က ပြဋ္ဌာန်းလိုက်ပြီးနောက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ များ၏ လက်နက်ကိုင်ဆောင်ခွင့်သည် ဘယ်ကိုဦးတည်နေလဲဟု ပြည်သူလူထုကြား မေးခွန်းထွက်လာခဲ့ကြသည်။ 

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက် ကြောင်း နစက-က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေအရ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားကြသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ အပါအဝင် ပြည်ပနိုင်ငံများသည် လုံခြုံရေးကုမ္ပဏီများ ထူထောင်၍ ၎င်းတို့၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ထမ်း များ၊ ကုမ္ပဏီများကို ကာကွယ်ရေး ကြိုးပမ်းလာနိုင်သည်ဟု ထောက်ပြကြသည်။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ ထားရှိခြင်းသည် တရုတ်အနေဖြင့် လုပ်နေကြအရာဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် များနှင့်ပတ်သက်၍ တရုတ်က ဂရုတစိုက်ဖြင့် သတိထားခြင်းကြောင့် ပြဿနာများ ကြီးမားလာမည်ဟု မထင် ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာလှကျော်ဇောက “ဒါတရုတ်က လုပ်နေကြဗျ၊ ပါကစ္စတန်တို့ ဘာတို့မှာ ကြာလှပြီ ဒါတွေလုပ်နေတာ လေ၊ ကျောက်ဖြူတို့ ဘာတို့မှာ လုံခြုံရေးအဖွဲ့သား ၃၀၀ လောက်တောင် ‌ရောက်နေတယ်လို့ ကြားတာပဲ၊ အဲတော့ ရှိပြီးသားတွေနဲ့ တူပါတယ်၊ တရားဥပဒေက နောက်မှ လာတာနဲ့တူတယ်၊ ဥပမာအားဖြင့် ပါကစ္စတန်မှာ သူတို့ လေယာဥ်ပျံကွင်းတွေ ဆောက်တယ်လေ၊ နိုင်ငံတကာ လေယာဥ်ပျံကွင်းကြီးဆောက်တော့ အဲဒီလက်နက်ကိုင် တွေက အဲဒီပတ်ပတ်လည်မှာပဲ သူတို့ လက်နက်ကိုင်ဆောင်ခွင့် ရှိတယ်ဗျ၊ အပြင်ထွက်တာနဲ့ သူတို့လက်နက် ကိုင်ဆောင်ခွင့် မရှိဘူး၊ လေယာဥ်ပျံကွင်းကနေ အပြင်ကို ထွက်တယ်ဆိုရင် ပါကစ္စတန်တပ်က လိုက်ပြီးတော့ လုံခြုံရေး ယူပေးရတယ်ဗျ၊ အဲလိုတွေ့တာပဲ၊ အဲတော့ ဗမာပြည်မှာတော့ ဘယ်လိုဖြစ်မလဲမသိဘူး၊ ကျမပြောတာ ပါကစ္စတန်မှာပြောတာ၊ တရုတ်က အဲဒီကိစ္စမျိုးတွေဆို တော်တော်ဂရုစိုက်တယ်၊ ကျမ ပါကစ္စတန်တို့ ဘာတို့မှာ တွေ့တာတော့လေ၊ သူသိပ်သတိထားတယ်ဗျ၊ အဲတာကြောင့်မို့လို့ ဘေးက ထင်သလောက်တော့ ပြဿနာကြီး ကြီးလာမယ်မထင်ဘူး၊ ဒါပေမယ့် ရေနက်ဆိပ်ကမ်းကို သွားပြီးနှောင့်ယှက်တာတို့ သို့မဟုတ် အဲကသူတို့ တရုတ် အမှုထမ်း၊ အရာထမ်းတွေရဲ့ လုံခြုံရေးကို ထိခိုက်တာတို့ ဘာတို့ အဲတာအတွက်ပဲ သူတို့ အသုံးပြုမယ်ထင်တယ်” ဟု ပြောသည်။

 AA တပ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ အပါအဝင် ကုန်သွယ်ရေးများလည်း ရပ်တန့်နီးပါး ဖြစ်ပေါ်နေသည်။

ထို့နောက် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများအား ကာကွယ်ရန် နှစ်နိုင်ငံလုံခြုံရေးကုမ္ပဏီတည်ထောင်ရေး တရုတ်အစိုးရက အဆိုပြု ဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံလုံခြုံရေးကုမ္ပဏီ တည်ထောင် ရေး လုပ်ငန်းကော်မတီကို နစက-က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီဖွဲ့စည်းပြီးနောက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအား နစက-က ပြဋ္ဌာန်းလာခဲ့သည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသည် နည်းဥပဒေမထွက်သေးကြောင်း၊ နည်းဥပဒေတွင် ပိုမို အသေးစိတ်ကျရန် လိုအပ်သေးကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က စီမံကိန်းတစ်ခုကိုတွေ့ရစဉ်

ဦးသိန်းထွန်းဦးက “ပုဂ္ဂလိက လုံခြုံရေးဆိုတာ အထူးသဖြင့် ဘဏ်လိုနေရာမျိုးတွေပေါ့၊ ဘဏ်မှာရှိတဲ့ ဝန်ထမ်းတွေ အတွက် သူတို့ သက်ဆိုင်ရာ ခွင့်ပြုတဲ့ လက်နက်အမျိုးအစားကို ဒါတွေကိုင်ဆောင်ခွင့်ရမယ်၊ ပြောရရင်တော့ အရင်ကထက်စာရင် လုံခြုံရေးပိုင်းမှာ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်မယ့် အနေအထားတွေ ရှိမှာပေါ့၊ ဒီ ဥပ‌ဒေမှာဆို ရှင်းရှင်းလင်းလင်းပါပဲ၊ သူ့သက်ဆိုင်ရာ Sector(ကဏ္ဍ)တွေအလိုက် ကာကွယ်ဖို့အတွက် ဟိုဟာဖြစ် တာလေ (အသုံးပြုတာလေ)၊ တကယ်လို့ အဲဒီ Sector(ကဏ္ဍ)မှာရှိတဲ့ လုံခြုံရေးတာဝန် တစ်ဖက်က တုန့်ပြန်လာ လို့ရှိရင် ဥပဒေကြောင်းအရ ပြန်လည်ခုခံကာကွယ်ပိုင်ခွင့် ရှိသည်လို့ ပြောထားတယ်လေ၊ အဲတော့ ထိရောက်မှု ဆိုတဲ့အပိုင်းကို ဘယ်လိုတစ်ဖက်က ပြောကြလဲမသိဘူးပေါ့၊ ဒါပေမယ့် ခုမှ ဥပဒေက ထုတ်တုန်းပဲ ရှိသေးတယ်၊ နောက်တစ်ချက် နည်းဥပ‌ဒေဆိုင်ရာ နည်းနည်းအသေးပိုစိတ်ဖို့ လိုအပ်ဦးမယ်လို့ မြင်တယ်၊ ဘာကြောင့်လဲဆို တော့ တချို့သော အချက်အလက်တွေက ဆိုဒ်က ဘယ်လောက်ထိ ရှိရမယ်တို့၊ ဘယ်လိုအမျိုးအစား လက်နက် ကိုင်ဆောင်ခွင့်တို့၊ ဘာတွေဘယ်လို Follow up လုပ်ရမယ်ဆိုတာ နည်းနည်းလေး ပိုပြီးတော့ အသေးစိတ်ကျတဲ့ နည်းဥပဒေဆိုင်ရာ လိုအပ်ချက်ရှိဦးမယ်လို့ ထင်တယ်” ဟု ပြောသည်။ 

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရသည့်အခါ၌ သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အစီအမံအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

လိုင်စင်ရရှိသူသည် နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ဝန်ထမ်းခန့်ရာတွင် မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ခန့်ထားရမည် ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် လိုင်စင်ရရှိသူက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်ချက်အရ လက်နက် ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြ၍ သဘောထားရယူရမည်ဟု ပြဋ္ဌာန်းထားသည်။