CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) သည် လုံခြုံရေးဆွေးနွေးပွဲများ တက်ရောက်ရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် နာရာသီဝတ် (Narathiwat) ပြည်နယ်သို့ သွားရောက်လိမ့်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် အာဆီယံဥက္ကဋ္ဌ၏ အလွတ်သဘော အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး ထိုတာဝန်ဖြင့် သွားရောက် မည်ဖြစ်ကြောင်း ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆင်သည် ယခင်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၏ မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ဆွေးနွေးခဲ့ဖူးသည်။

ထိုသို့ ဆွေးနွေးစဉ် လုံခြုံရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြေရှင်းမည့် နည်းလမ်းများကို သက်ဆင်က အဆိုပြုခဲ့သည်။

သက်ဆင်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် မစ္စတာဖွမ်သမ်က ထိုခရီးစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုခရီးစဉ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုက သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်းသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်ဖြစ်လာခဲ့သည်။

ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်

ထိုင်းတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသော  သက်ဆင်အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက်များသည် အငြင်းပွားဖွယ် ကိစ္စရပ်များကြောင့် အမည်းစက်ထင်ခဲ့သည်။

ထိုအငြင်းပွားဖွယ် ကိစ္စများထဲတွင် ၂၀၀၄ ခုနှစ်၊ မတ်လက ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း နီလာပိုင်ဂျစ် (Somchai Neelapaijit) ပျောက်ဆုံးမှု၊ တာ့ခ် ဘိုင် (Tak Bai) နှင့် ခရူစီ (Kru Se) အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ ပါဝင်ခဲ့သည်။

သက်ဆင်နှင့်အတူ မစ္စတာ ဖွမ်သမ်၊ တရားရေးဝန်ကြီး တာဝီ ဆွတ်ဆောင် (Tawee Sodsong) တို့လည်း အတူ လိုက်ပါမည်ဖြစ်ပြီး ထိုခရီးစဉ်သည် ဆန်ဂိုင် ပါဒီ (Sungai Padi) ခရိုင်ရှိ ဆန်ဂိုင်ပဒီရပ်ကွက်သို့ သွားရောက်မည် ဖြစ်သည်။

ဒေသခံများကလည်း သက်ဆင်တို့အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုကြလိမ့်မည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး သာနာသစ် ဖရွမ်ချူအန် (Thanathip Phromchuean) က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်