CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra)သည် ဖေဖော်ဝါရီ ၂၃ ရက်က နိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ်အချို့သို့ သွားရောက်ခဲ့ရာမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့မှ ဖော်ပြခဲ့သည်။
သက်ဆင်နှင့် ထိပ်သီးအရာရှိများ၏ ခရီးစဉ်မတိုင်မီ နာရီပိုင်းအလိုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယာလာ (Yala) ပြည်နယ်၏ စူပါမားကက်ရှေ့မှာ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု၌ အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ရဲအရာရှိ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုပေါက်ကွဲမှုသည် ရဲအရာရှိများ ကင်းလှည့်နေချိန် ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၂၀ တွင် Moo 2 ကျေးရွာရှိ Mini BigC စူပါမားကက်ရှေ့ အမှတ် ၁၀ အဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် တူအန် အီဘရာဝန် နီမီ (Tuan Ibrawheng Nimi) အမည်ရှိ အမျိုးသားတစ်ဦး သေဆုံး ပြီး ရဲအရာရှိ ၇ ဦးနှင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်နန် ဆန်တာ (Bannang Sata) ရဲစခန်းမှ ရဲမှူး ဝိုရာဝစ် နာ နက်ခွန်း (Worawit Na Nakhon) က ပြောကြားခဲ့သည်။
ပေါက်ကွဲမှု ဖြစ်စဉ်မှာ မီးသတ်ဘူးထဲကို သံမဏိ အပိုင်းအစများနှင့် ယမ်းများ ရောစပ်ထည့်သွင်းပြီး ဖောက်ခွဲခြင်း ဖြစ်ကြောင်း ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် နာရာသီဝတ် (Narathiwat) ပြည်နယ်၊ မူအန်း (Muang) မြို့လေဆိပ်သို့ သင်ဆင်တို့ ကိုယ်စားလှယ်အဖွဲ့ မရောက်ရှိမီ တစ်နာရီအလိုဖြစ်သည့် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၅၀ တွင်လည်း လေဆိပ်၌ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။
ထိုင်းတောင်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားနေစဉ်
ထိုပေါက်ကွဲမှုသည် လေဆိပ်၏ လေကြောင်းထိန်းချုပ်ရေးတာဝါအနီး ရပ်ထားသည့် မီးသတ်ကား တစ်စီးပေါ်တွင် ထောင်ထားသော ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ဖြစ်ပြီး လေဆိပ်လုံခြုံရေးအစောင့် ၄ ဦး ဒဏ်ရာရခဲ့သည်။
ထို့နောက် လေဆိပ်အာဏပြိုင်များက သက်ဆင် လိုက်ပါလာသော လေယာဉ်မဆင်းသက်မီ လေဆိပ်အတွင်းရှိ သံသယဖြစ်ဖွယ် ကားများအားလုံးကို လေဆိပ်အတွင်းမှ ဖယ်ရှားခဲ့သည်။
သက်ဆင်သည် ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ၊ တရားရေးဝန်ကြီး ဒါဝီ စိုဆောင်း (Tawee Sodsong) တို့နှင့်အတူ နာရာသီဝတ်ပြည်နယ်သို့ ရောက်ရှိခဲ့သည်။
ထိုခရီးစဉ်သည် ဆယ်စုနှစ် ၂ စုအတွင်း နိုင်ငံတောင်ပိုင်းသို့ လာရောက်သည့် သက်ဆင်၏ ပထမဆုံး ခရီးစဉ်ဖြစ် သည်။
သက်ဆင်ကို ဒေသခံများနှင့် တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
သက်ဆင်သည် နာရာသီဝတ်ပြည်နယ် ခရီးစဉ်အပြီးတွင် ပတ္တနီ (Pattani) နှင့် ယာလာ (Yala) ပြည်နယ်များသို့ ထပ်မံသွားရောက်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်