CNI International News
ဘန်ကောက်၊ ဇွန်လ ၂
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က အစိုးရအဖွဲ့အပေါ် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) က ထိန်းချုပ်ထားခြင်း မရှိကြောင်း မေလ ၃၁ ရက်က အတည်ပြု ပြောကြားခဲ့ ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းဖွယ်ရှိသည့် ထင်ကြေး ပေးမှုများနှင့်ပတ်သက်ပြီး သက်ဆင်သည် ပြည်ထဲရေးဝန်ကြီး ဌာနကို ဖြူးထိုင်းပါတီ၏ လက်အောက်တွင် ဆက်လက် ထားရှိသင့်ကြောင်း အကြံပြုခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပေတုန်တန်က အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေးကိစ္စသည် ၎င်းအပေါ်တွင်သာ မူတည် ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ ထွက်ပေါ်နေသည့် ကောလဟလများနှင့်ပတ်သက်ပြီး ဝန်ကြီးများကို စိတ်ကသိကအောက် မဖြစ်စေလို ကြောင်းနှင့် အားငယ်စိတ် မဝင်စေလိုကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည်သည် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ/မရှိ မေးမြန်းခံရချိန်တွင် ပေတုန်တန်က သက်ဆင်၏ မှတ်ချက်စကားများသည် ၎င်း၏ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး မိမိအနေဖြင့် ထိုကိစ္စကို လေ့လာသုံးသပ်ရခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး အနူတင် သည် အမြဲတမ်း တက်ကြွမှုရှိပြီး နားလည်ရ လွယ်ကူသူဖြစ်ကြောင်း၊ ဝန်ကြီးဌာနတိုင်းသည် လုပ်နိုင်သည့် အရာ များနှင့် မလုပ်နိုင်သည့် အရာများဟူ၍ ကန့်သတ်ချက်များရှိကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ပေတုန်တန်နဲ့ အစိုးရအဖွဲ့ကိုတွေ့ရစဉ်
အနာဂတ်တွင် ဝန်ကြီးဌာနများကို ပြန်လည်ဖွဲ့စည်းနိုင်ခြေ ရှိ/မရှိ မေးမြန်းခံရချိန်တွင် ပေတုန်တန်က အရာ အားလုံးသည် ပုံသေမရှိကြောင်း၊ အစိုးရအဖွဲ့သည် စတင်ဖွဲ့စည်းချိန်က ပုံစံအတိုင်း အင်အားခိုင်မာနေဆဲ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အသုံးစရိတ် ဥပဒေမူကြမ်းကို ထောက်ခံမဲ ပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
အစိုးရ၏ အသုံးစရိတ်မူကြမ်းကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံမဲ ၃၂၂ မဲ၊ ကန့်ကွက်မဲ ၁၅၈ မဲနှင့် ပယ်မဲ ၂ မဲရှိခဲ့သဖြင့် ထိုမူကြမ်းကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။
အစိုးရ၏ ဒစ်ဂျစ်တယ် ထောက်ပံ့ငွေ အစီအစဉ်နှင့်ပတ်သက်ပြီး ဘူဂျထိုင်းပါတီ၏ ရပ်တည်ချက်သည် အစိုးရ အဖွဲ့နှင့် ကွဲလွဲမှု ရှိ/မရှိ မေးမြန်းခံရချိန်တွင်လည်း ပေတုန်တန်က ဘူဂျထိုင်းပါတီသည် အစိုးရ၏ ဒစ်ဂျစ်တယ် ထောက်ပံ့ငွေ အစီအစဉ်ကို အလုံးစုံ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ ထောက်ပံ့ငွေ ပမာဏကို တိုးမြှင့်ပေးရန်သာ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
Source: The Nation