CNI International News
စင်္ကာပူ၊ ဇွန်လ ၂
အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသတွင် တည်ငြိမ်မှုပျက်ယွင်းအောင် လုပ်ဆောင်နေကြောင်း ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက်လာသည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၏ ဗိုလ်ချုပ်တစ်ဦးက စွပ်စွဲခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်(Pete Hegseth) သည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာ အစည်းအဝေး၌ ဒေသတွင်း တရုတ်၏ ရန်လိုမှုများကို ပူးပေါင်းဟန့်တားရန် တိုက်တွန်းခဲ့ပြီးနောက် တရုတ် ဗိုလ်ချုပ်တစ်ဦးက ထိုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
အာရှ၏ အထင်ကရ လုံခြုံရေးညီလာခံဖြစ်သည့် ရှန်ဂရီလာအစည်းအဝေး၏ ဆွေးနွေးပွဲတစ်ခုတွင် တရုတ် အမျိုးသား ကာကွယ်ရေးတက္ကသိုလ်၏ ဒုဥက္ကဋ္ဌဖြစ်သည့် ဟူကန်ဖန်း (Hu Gangfeng) က မေလ ၃၁ ရက်က အစည်းအဝေး၌ တရုတ်ကို ဆန့်ကျင်သည့် အခြေအမြစ်မရှိသော စွပ်စွဲပြောဆိုမှုများ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း စစ်အင်အား ထူထောင်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများကို နှောင့်ယှက်နေသဖြင့် ဒေသတွင်း တည်ငြိမ်မှု ပျက်ယွင်းအောင် လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ဟူက ထိုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံးပြီး သိမ်းယူမည့် အန္တရာယ်သည် ဖြစ်အံ့ဆဲဆဲဖြစ်နိုင်ကြောင်း ဟက်ဆက်က မေလ ၃၁ ရက်နံနက်ပိုင်းတွင် ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ဟူကမူ ဟက်ဆက်၏ ပြောကြားချက်များသည် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုကို ပျက်ယွင်းစေပြီး သွေးထိုး လှုံ့ဆော်မှု၊ သဘောထား ကွဲလွဲမှုနှင့် ပြဿနာများကို ဖြစ်ပွားစေရန် ရည်ရွယ်ပြီး လုပ်ကြံစွပ်စွဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တချို့နိုင်ငံတွေက တစ်ဖက်သတ် ထိပ်တိုက်တွေ့မှုကိုပဲ အာရုံစိုက်ထားပြီး ဒေသတွင်း သူတို့ရဲ့ စစ်အင်အားကို တိုးမြှင့်နေပါတယ်။ ဗိုလ်ကျ စိုးမိုးရေးအတွက် အာရှ-ပစိဖိတ် ရေပြင်တွေကို အသုံးပြုနေတာကို တရုတ်က ဆန့်ကျင်ကန့်ကွက်ပါတယ်”ဟု ဟူက ပြောကြားခဲ့သည်။
Source: South China Morning Post